မကွေးတိုင်း စေတုတ္တရာနှင့် ဆောမြို့နယ်ဒေသ အစပ်တွင် စစ်ကောင်စီအရာရှိယာဥ်ကို တိုက်ခိုက်ရာ အရာရှိ အပါအဝင် ငါးဦးသေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့လောင်းရှည်ဒေသ(LSRPDF)က ယနေ့ (မတ်လ ၁၆) ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဥ်မှာ မတ်လ ၁၅ရက် ညနေ ၅ နာရီခန့်က ကြံစိမ့်ကျေးရွာမှ ညောင်ပင်ကျင်းကျေးရွာကြား လမ်းပိုင်း၌ စစ်ကောင်စီတပ်သား ၁၀ဦးခန့်ပါရှိသော ယာဥ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း LSR PDFက ဆိုသည်။
“ကားကို တိုက်ရိုက် ထိတာ။ကျွန်တော်တို့ ခန့်မှန်းတာ တော့ အရာရှိသေမယ်။အမြင်အရ ဆို နောက်ခန်းက သုံးယောက် မှောက်သွားတာ “ဟု LSR PDF တာဝန်ရှိသူက People’s Springသို့ ပြောသည်။
ထို့နောက် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကူကားသုံးစီး ရောက်ရှိလာသည့်အတွက် ရဲဘော်များခက်ခဲစွာ ကြိုးစား ရုန်းထွက်ခဲ့ရသည်ဟု သိရသည်။

Public Service Announcement
“လက်နက်က မမျှဘူး။စစ်ကား သုံးစီးနဲ့ပါထပ်ရောက် လာတော့ တိုက်ပွဲ နေရာကနေ တော်တော် ကို ရုန်းထွက်ခဲ့ရတာ။အခု ရဲဘော်တွေအားလုံး ဘေးကင်းတဲ့ အခြေအနေ ရောက်ပါပြီ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
မိုင်းဆွဲခံရစဥ် သေဆုံးခဲ့သော စစ်ကောင်စီတပ် သားများကို လောင်းရှည်အခြေစိုက် အမှတ်(၂၅)0ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၅) သို့သယ်ဆောင်သွားကြောင်း LSR PDF က အသိပေးသည်။


















































