ရွှေပြည်သာမြို့နယ်ရဲစခန်းနှင့် မြို့နယ်ခန်းမရှိ စစ်ကောင်စီတပ်နှသ့် ရဲများကို ၄၀ မမ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ ပြည်သူ့အင် အားစု People’s force က ယနေ့ညတွင်ထုတ်ပြန်သည်။
ယနေ့(မတ်လ ၁၉ ရက်) ည ၇ နာရီခန့်က People’s force နှင့် Spring Brothers Force တို့ ပူးပေါင်း၍ ရွှေပြည်သာ မြို့နယ်ရဲစခန်းကို ၄၀ မမ တစ်လုံးဖြင့် အယောင်ပြတိုက်ခိုက်ခဲ့သည်သည်။ ထို့နောက် ရွှေပြည်သာ မြို့နယ်ခန်းမ ၌ စစ်ကောင်စီတပ်ကား ငါးစီးနှင့် DC နှစ်စီးကို ဗျူဟာကျကျ ရွေးချယ်ကာ ၄၀ မမ နှစ်လုံးဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးပေ။
“မြို့တော်ခန်းမနဲ့ ရဲစခန်းနဲ့ က တဆက်တည်းပဲ။ မြို့တော်ခန်းမ နားမှာ လက်နက်ကြီးသံ ကြားရပြီးတဲ့နောက်မှာ သေနတ်သံ ကြားရတယ်။စခ တွေက မြို့တော်ခန်းမထဲမှာ အမြဲရှိတယ်။ ထိတာ တို့ သေတာတို့တော့ မသိရသေးဘူး”ဟု ရွှေပြည်သာမြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ပြောကြားသည်။

Public Service Announcement

စစ်ဆင်ရေးကို အထူးလေ့ကျင့်ထားသည့် မြို့ပြပြောက်ကျားများဖြင့်ဆောင်ရွက်ခဲ့ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခု စစ်ဆင်ရေးကဲ့သို့ ဗျူဟာကျသည့် စစ်ဆင် ရေးများကို ရန်ကုန်မြို့၌ အရှိန်မြှင့်၍ စစ်အာဏာရှင်ပြုတ်ကျသည်အထိကြိုးပမ်းသွားမည်ဖြစ်ကာ ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ရန်၊မစူးစမ်းရန် နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီရန်လည်း တိုက်တွန်းထားသည်။
People’s force အဖွဲ့သည် မတ်လ ၇ ရက်က မြောက်ဒဂုံမြို့နယ်၊ ၃၆ ရပ်ကွက် ဗိုလ်ဆွန်ပတ်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်း တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံးကြောင်း ယနေ့ ထုတ်ပြန် အသိပေးထားသည်။


















































