တပ်မတော်နေ့(မတ်လ၂၇ရက်)တွင် အစွန်အဖျားကျရောက်သည့် ရဲစခန်းများ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခံရမည်ကို သတင်းရရှိ၍ ကြိုတင်ပြင်ဆင်ရန် အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးတပ်လှန့်ထားသည့် ကြေးနန်းစာကို Myanmar Police CDM Channel -MPCC က ယနေ့ညပိုင်းတွင် ထုတ်ပြန် သည်။
စစ်ကောင်စီတပ်တွင်း ဖရဲသီး(သတင်းပေး)မှ ပေးပို့သည်ဆိုသည့် ကြေးနန်းစာအရ ရဲတပ်ဖွဲ့တံဆိပ်တုံးထုနှိပ်ထားသည်။

ထိုကြေးနန်းစာတွင် မတ်လ ၂၇ ရက်၌ ကျင်းပမည့် တပ်မတော်နေ့အခမ်းအနား နီးကပ်လာ၍ အကြမ်းဖက်သူများမှဆိုကာ နည်းမျိုးစုံအဖျက်အမှောင့်လုပ်ငန်းများပြုလုပ်မည်ဖြစ်ကြောင်းနှင့် အင်အားနည်းပါးပြီး အစွန်အဖျားကျသော ရဲစခန်း၊ ရဲကင်းစခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်ကြောင်း အခြားသတင်းများအရ သိရှိရဟု ဖော်ပြထားသည်။
ထို့ကြောင့် လုံခြုံရေးအသိ၊လုံခြုံရေးသတိဖြင့် တစ်ဝက်အိပ် တစ်ဝက်နိုးစနစ်ဖြင့် လုံခြုံရေးစောင့်ကြပ်ရန်၊ တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များ တိုက်ခိုက်ခံရမှုမရှိစေရေး တာဝန်ရှိသူအဆင့် ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရန် ကြေးနန်းစာတွင် ညွှန်ကြားထားသည်။

Public Service Announcement
ရဲစခန်း၊ရဲကင်းစခန်းများတွင် ခံစစ်ဥပဒေနှင့်အညီ ဘန်ကာ(Over Head)၊ ကတုတ်ကျင်း၊ ဆက်သွယ်ရေးတူးမြောင်းများ စနစ်တကျပြင် ဆင်ဆောင်ရွက်ထားရှိရန်၊ လူ ၊လက်နက်၊ခဲယမ်း၊ယာဉ် အသင့်ဖြစ်စေရေးစနစ်တကျစုဖွဲ့ထားရှိရေးလည်း ပါဝင်သည်။
လုံခြုံရေးသတင်း၊ထောက်လှမ်းရေးအသိဖြင့် ဂရုပြုဆောင်ရွက်ရန် ၊သတင်းလက်ဦးမှုရရှိရေး စီစဉ်ဆောင်ရွက်ထားရှိရန်နှင့် ထူးခြားမှုရှိပါက သက်ဆိုင် ရာတပ်နယ်နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရေး စစ်အုပ်စုက ညွှန်ကြားထားသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ၊ ရဲကင်းစခန်းများနှင့် တပ်သားများသည် မကြာခဏချေမှုန်းခံနေရခြင်းကြောင့် ၎င်းတို့မိသားစုဝင်များပါ ကြောက်ရွံ့နေကြပြီး ယခုကဲ့သို့အထက်အဆင့်ဆင့်မှ ညွှန်ကြားစာများ မကြာခဏဆိုသလိုထုတ်ပြန်ပေးနေရသည်ဟု MPCC က ဆိုသည်။
ပြည်သူလူထု၏ နာကျည်းမုန်းတီးမှုများ အမြင့်ဆုံးသို့ရောက်ရှိနေသော စစ်ကောင်စီလက် အောက်ခံ Non CDM ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အမြင်မှန်ရရှိပြီး အချိန်မီအမြန်ဆုံး ပြည်သူဘက်သို့ ခိုလှုံဝင်ရောက်ရန်လည်း MPCCက တိုက်တွန်းသည်။


















































