တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ တိုက်တွန်းခဲ့ပေမယ့် ပါဝင်ဖျော်ဖြေခဲ့ကြတဲ့အနုပညာရှင်တွေလည်းရှိနေပါတယ်။
ပဲခူးဗဟိုမဏ္ဍပ်မှာ သင်္ကြန်အကြိုနေ့ကနေ အတတ်နေ့အထိ မိုးအောင်ရင် ၊ပူစူး ၊ အစ္စဏီ၊ပွင့်နဒီမောင်စတဲ့ အနုပညာရှင်တွေကဖျော်ဖြေပေးမှာဖြစ်တယ်လို့ စစ်ကောင်စီသတင်းတွေကို ဖော်ပြပေးနေတဲ့ Tin Soe အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူကတင်ထားပါတယ်။

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာတော့ မြန်မာသံအဆိုတော်တွေတော်တော်များများ နဲ့ မျက်နှာသစ် အဆိုတော်တွေ ဖျော်ဖြေတာကို စစ်ကောင်စီလက်အောက်ခံ မီဒီယာရဲ့ ထုတ်လွှင့်မှုမှာတွေ့ရပါတယ်။
အဲဒီ့အပြင် သက်ကြီး အမျိုးသမီးသရုပ်ဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမေများအဖွဲ့ပါဝင်ဖျော်ဖြေတာကြောင့် ဝေဖန်တာတွေလည်းရှိနေပါတယ်။

Public Service Announcement

အမေများအဖွဲ့ခက်ခဲနေတယ်လို့ဆိုဝာာကြောင့် အလှူငွေနဲ့ဆေးတွေထောက်ပံ့ပေးဖူးတဲ့ အမေရိကန်ရောက် မြန်မာတစ်ဦးကလည်း အဓမ္မဘက်မှာ ရပ်တည်သူသည်ကိုတွေ့ရသောကြောင့် ထပ်မံထောက်ပံ့ရန်အစီအစဉ်မရှိတော့ကြောင်း သူ့ဖေ့စ်ဘွတ်ခ်ကနေ တရားဝင်ပြောကြားထားပါတယ်။
သင်္ကြန်ကာလက အနုပညာရှင်တွေအတွက် ငွေရှာလို့ကောင်းတဲ့ အချိန်ဖြစ်ပေမယ့် နာမည်ကြီး အဆိုတော် တော်တော်များများက ပွဲငှားတွေရှိပေမယ့် လက်မခံဖြစ်ကြောင်း သူတို့ရဲ့ လူမှုကွန်ရက်တွေမှာရေးသားထားကြပါတယ်။
စစ်ကောင်စီအလိုကျ ဖျော်ဖြေကြတဲ့ အနုပညာရှင်တွေကိုတော့ လူမှုရေးပြစ်ဒဏ်ချမှတ်ဖို့ ပြည်သူအချင်းချင်းတိုက်တွန်းထားကြပါတယ်။

နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ရန်အောင် မေသန်းနု တို့ကတော့ စစ်ကောင်စီကကျင်းပတဲ့ မန္တလေးမြို့ရတနာပုံဥယာဉ်ဖွင့်ပွဲကို ဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်ကာလတိုက်ရိုက်ထုတ်လွှင့်မယ့် ဖျော်ဖြေရေးအစီအစဉ်တွေအတွက် အနုပညာရှင်တွေရဲ့ သီချင်းတွေကို အခမဲ့ ထုတ်လွှင့်ခွင့်ပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဂီတအစည်းအရုံးကို ခွင့်တောင်းထားတဲ့စာတစ်စောင်လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီး ဝေဖန်ခံနေရပါတယ်။


















































