ကရင်အမျိုးသားအစည်းအရုံး(KNU) အဖွဲ့ဝင်များအနေဖြင့် ရေချောင်းအား ပိတ်ဆို့ထားခြင်းအား ပြန်မဖွင့်ပေးပါက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကွီလုံတိုင် စစ်ဆင်ရေးခြေကုတ်စခန်း အနီးတဝိုက်ရှိ ကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်လိမ့်မည်ဟု အဆိုပါ တပ်စခန်းက ခြိမ်းခြောက်စာ ပေးပိုးခဲ့သည်။
KNU အဖွဲ့သားများအား လိပ်မူပြီး လက်ရေးဖြင့်ရေးသားပေးပို့ခဲ့သည့် ကွီလုံတိုင် တပ်စခန်း၏ အ ကြောင်းကြားစာတွင် “အထက်တွင် ပိတ်ဆို့ထားသော ရေချောင်းအား ပြန်လည်ဖွင့်လှစ်ရန် အကြောင်းကြားခြင်းဖြစ်ပါသည်။မဖွင့်ခဲ့ပါက ကွီလုံတိုင်စခန်းအနီးတဝိုက်တွင်ရှိသော ကျေးရွာများ ပျက်စီးဆုံးရှုံးမှုဖြစ်လိမ့်မည်။ ကျွန်ုပ်တို့ဘက်က ရေရရှိရေး မဖြစ်မနေ လုပ်ဆောင်ရမည်ကို အကြောင်းကြားပါသည်။ စာရပြီးလျင် ၃ရက်အတွင်း အကြောင်းပြန်ပါ”ဟု ပါရှိသည်။
ယင်းစာနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ ကရင် ပြည်နယ်မှာ ကရင်ပြည်သူလူထုတွေနေထိုင်တဲ့ရွာတွေ အသီးသီးရှိတယ်။ အဲဒီရွာတွေမှာ နေထိုင်ခွင့်တောင်မရှိဘူးဆိုရင် ကောင်စီတွေက တကယ့်တရားလွန်နေပြီ။ ရွာတွေက ခေတ္တခဏ တည်တဲ့ရွာတွေလည်းမဟုတ်ဘူး ဥပမာအားဖြင့် ရွာတစ်ရွာက နှစ်ပေါင်း ရာနဲ့ချီရှိနေတဲ့ရွာ။ ရေကြောင်းကို ပိတ်လို့ဆိုတာ ရေကြောင်းက ရွာနဲ့ ဘာမှ မဆိုင်တဲ့ကိစ္စ။ ကြွက်မနိုင် ကျီမီးရှို့တဲ့ သဘောဘဲ ဒါဘာမှမဆိုင်တဲ့ ကိစ္စ”ဟု စစ်ကောင်စီတပ်စခန်း၏ ခြိမ်းခြောက်စာ အပေါ် မှတ်ချက်ပြုသည်။
အဆိုပါ ဒေသသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆)နယ်မြေရှိ ဒေသတစ်ခု ဖြစ်သည်။

Public Service Announcement
KNU အနေဖြင့် ကွီလုံတိုင် စစ်ဆင်ရေးခြေကုပ်စခန်း အပါအဝင် ဒေါနအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းများကို လွန်ခဲ့သည့် လအနည်းငယ်မှစ၍ ရိက္ခာ နှင့် သောက်သုံးရေ ရရှိရေးလမ်းကြောင်းများကို ပိတ်ဆို့ ဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း ကရင်သတင်းဌာန KICက မြေပြင် သတင်းရင်းမြစ်ကို ကိုးကား ဖော်ပြထားသည်။
KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်အနေဖြင့် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်ဒေသရှိ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားရန်နှင့် မလိုက်နာပါက နည်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်ဟု ကြေညာထားသည်။


















































