အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ကရင်နီ(ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ပြည်သူလူထုနေအိမ် ၉၆၇လုံး ပျက်စီးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က သတင်းထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ရေးအရ သော်လည်းကောင်း၊ စစ်ကောင်စီမှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မြို့နယ် အသီးသီးရှိ နေအိမ်အရေအတွက်ကို PKPFက ဧပြီ ၂၀ရက်တွင် ဖော်ပြခဲ့သည်။

ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူလူထုနေအိမ်များမှာ လွိုင်ကော်မြို့နယ်မှ (၁၀၈)လုံး၊ ဒီးမောဆိုမြို့နယ် (၅၆၄ )လုံး၊ ဖရူဆိုမြို့နယ်( ၃၉ )လုံးနှင့် ဖယ်ခုံမြို့နယ် (၂၅၆ )လုံး ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ အရေအတွက်မှာ PKPF မှ လက်လှမ်းမီသလောက် ပြုစုမှတ်တမ်းတင် ထားခြင်းဖြစ်၍ ဖော်ပြပါ စာရင်းများထက်ပိုမိုနိုင်သည်ဟု ဆိုသည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ကရင်နီဒေသအပြင် စစ်ကိုင်း၊ မကွေး၊ ချင်း နှင့် အခြားဒေသအသီးသီးရှိ ပြည်သူလူထု နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ် တိုက်ခိုက် ခြင်းများ လုပ်ဆောင်ခဲ့သည်။
Data for Myanmar က ပြုစုထားသည့် စာရင်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် ဧပြီ ၁၃ရက်နေအထိ နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၂၅၀ကျော်မှ အိမ်ခြေ ၉,၀၀၀ ကျော်ကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။


















































