စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အကြမ်းဖက်စစ်ကောင်စီအလိုကျ ဆောင်ရွက်နေသော တရားရုံးများ ရပ်တန်းကရပ်ပေးရန်နှင့် ပြည်သူကိုဖိနှိပ်သူမှန်သမျှကို အကြမ်းဖက်စစ်ကောင်စီနှင့် တစ်တန်းတည်းထား တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။

မုံရွာမြို့ပေါ်ရှိ တရားရုံးများနှင့်ပတ်သက်၍မုံရွာအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါသတိပေးစာတွင် မုံရွာမြို့ပေါ်ရှိ တရားရုံးများသည် အကြမ်းဖက်စစ်အာဏာရှင်တို့၏ သြဇာကိုခံယူလျက် စစ်အုပ်စု၏ လက်နက်တစ်ခုသဖွယ် အသုံးတော်ခံလျက်ရှိနေကြကြောင်း၊ ယခုမျက်မှောက်ကာလသည် မုံရွာမြို့အပါအဝင် စစ်ကိုင်းတိုင်း တစ်တိုင်းလုံးရှိ နေရာအနှံ့အပြားတွင် စစ်ပွဲကာလအခြေအနေသို့ ကျရောက်လျက်ရှိနေပြီး ပြည်သူများ သွားလာနေထိုင်ရေးအတွက် လုံခြုံမှုကင်းမဲ့လျက်ရှိနေသည်။ ထိုသို့သောအခြေအနေတွင် တရားရုံးများသည် စာနာဆင်ခြင်မှုကင်းမဲ့စွာ စစ်အုပ်စု၏ အလိုကျအတိုင်း တရားစီရင်ရေးအား အသက်သွင်းလည်ပတ်နိုင်ရန် အလို့ငှာ ပြည်သူများကြားက ပေါက်ဖွားလာသော အမှုအခင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အတင်းအကြပ်ဖိအားပေးဆောင်ရွက်လာသည်ကို သိရှိရကြောင်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မုံရွာမြို့ရှိ တရားရုံးများ၏ ဆောင်ရွက်ချက်များမှာ လက်ခံနိုင်ဖွယ်ရာ မရှိပါသဖြင့် ရပ်တန်းကရပ်ပေးရန်နှင့် တရားရုံးများ လည်ပတ်စေရေးအတွက် မည်သူမျှ ပါဝင်ပတ်သက်ခြင်းမပြုစေလိုကြောင်းမုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးသည်။
“ပြည်သူဘက်ကို မျက်နှာမူပါ။ ပြည်သူ့ဘက်မှာ ရပ်တည်ပေးပါ။”ဟု မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ သတိပေးသည်။

Public Service Announcement
ဓမ္မနှင့် အဓမ္မကို ခွဲခြားသိမြင်နိုင်ကြစေရန် သတိပေးစာထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ပြည်သူကိုဖိနှိပ်သူမှန်သမျှကိုလည်း အကြမ်းဖက်စစ်ကောင်စီနှင့် တစ်တန်းတည်းထား တော်လှန်တိုက်ခိုက်သွားမည်ဟု ၎င်းတို့က သတိပေးသည်။
သတိပေးကြေညာချက်အား မုံရွာခရိုင်တပ်ရင်း ၁၊ MPDF -တပ်ခွဲ၄၊ Special Regional Attacks Force ၏ တပ်စိတ် ၂၊ Monywa Nightking နှင့် Peacock Generation Force-PGF၊ Unity Force Monywa၊ Monywa Young People Group၊ God Of Snake၊ Monywa Heroes Group MHG& Monywa Ninjaစသည့်အဖွဲ့များက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


















































