တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ကံပေါက်-ကလိန်အောင်လမ်းတွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကန်ဘောက် ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က မေ ၈ ရက်တွင်သတင်းထုတ်ပြန်သည်။
ကံပေါက်-ကလိန်အောင်လမ်း အမှတ် ၂ တံတားအနီးတွင် ယမန့်နေ့ (မေ ၇ ရက်) မနက် ၈နာရီခန့်က KBDF နှင့် T1 မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ခိုက်မူတွင် စစ်ကောင်စီယာဉ်တန်း များထိခိုက်ပျက်စီးပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား (၄) ဦး သေဆုံး၊ (၆)ဦး ဒဏ်ရာရရှိခဲ့သည်ဟု KBDFက ထုတ်ပြန်ထားသည်။
မိုင်းဆွဲတိုက်ခိုက်မူအပြီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မူရှိသော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
“ဒီနေရာမှ စစ်ကောင်စီတပ်တွေ ခဏခဏ မိုင်းဆွဲခံရတဲ့နေရာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။
တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအရှိန်မြင့်လာခြင်းကြောင့် ပြည်သူများစစ်ရေးသတိရှိကြရန်နှင့် စစ်ကောင်စီ ယာဉ်တန်းများနှင့် ဝေးဝေးနေကြရန်လည်းလည်း ဒေသခံကာကွယ်ရေးတပ်များက တိုက်တွန်းထားသည်။