▪️လုပ်သားများအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများမည်ဟု အလုပ်သမားအရေးကျွမ်းကျင်သူများပြော
လက်ရှိအချိန်တွင် ထိုင်း-မြန်မာ သဘောတူစာချုပ် (MoU)ဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခြင်းသည် နိုင်ငံရေးအမြတ်ထုတ်ခြင်းဖြစ်ပြီး လုပ်သားများအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း အလုပ်သမားအရေးကျွမ်းကျင်သူများက သုံးသပ်သည်။
ထိုင်းနိုင်ငံသည် MoU စာချုပ်ဖြင့် မြန်မာအလုပ် သမားတစ်သိန်းကျော် ခေါ်ယူမည်ဟု ကြေညာထားပြီး ယနေ့(မေ ၁၀ရက်)မှတင်ကာ မြန်မာအလုပ်သမား ၃၀၀ ခန့်ကို စတင်လက်ခံခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီက ထိုသို့ အလုပ်သမားများကို စေလွှတ်ခြင်းသည် နိုင်ငံအခြေအနေပုံ မှန်ပြန်ဖြစ်ကြောင်း ပြယုဂ်ကို ပုံဖော်ရန်ကြိုးစားမှုဖြစ်ပြီး စေလွှတ်လိုက်သည့် အလုပ်သမား၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို ကာကွယ်ပေးမည်မဟုတ်ကြောင်း အလုပ်သမားကျွမ်းကျင်သူများက ပြောသည်။
“မြင့်မားတဲ့ ကုန်ကျစရိတ်နဲ့ MOU နဲ့ လာမည့် မြန်မာနိုင်ငံက ညီအစ်ကိုတွေကိုလည်း တစ်ခုပြောချင်ပါတယ် ထိုင်းနိုင်ငံမှာ စကစ သံရုံးတွေအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာတွေ မုဒိန်းကျင့်ခံနေရတာတွေကို စကစ သံရုံးကနေ ဘာအကာအကွယ်မှ မပေးနိုင်တဲ့ အခြေအနေပါလို့ ပြောချင်ပါတယ်”ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် တရားမဝင်အာဏာ သိမ်းပြီးနောက်ပိုင်း MoU အလုပ်သမားများ ပေးသွင်းရမည့်ဝန်ဆောင်ခများကို နှစ်ဆတိုးမြှင့်လိုက်ပြီး ယခင် ကျပ် ၄သိန်းကျော်မှ ၈ သိန်းခန့်အထိ ရှိလာသည်။
သို့သော် MoU အလုပ်သမားများကို စေလွှတ်မည့် အလုပ်သမားအေဂျင်စီများသည် စစ်ကောင်စီ လက်ပါးစေများဖြစ်ပြီး ၎င်းတို့က အလုပ်သမားတစ်ဦးလျှင် ကျပ်သိန်း ၂၀ ကျော် ကောက်ခံနေကြောင်း အလုပ်သမားအရေးကျွမ်းကျင်သူတစ်ဦးက ပြောသည်။
“အလုပ်သမားတွေကတော့ စစချင်း အနည်းဆုံး သိန်း ၂၀ အထက် ကုန်တယ်။ အဲဒီငွေတွေသည် ထိုင်းဘက်စီးဆင်းတယ်၊ စစ်ကောင်စီဆီ စီးဆင်းတယ်၊ ကုမ္ပဏီတွေဆီ စီးဆင်းတယ်” ဟု ထိုင်း ရောက်မြန်မာအလုပ်သမားအရေး ဆယ်စုနှစ်ခုကျော်ကြာ ကူညီဆောင်ရွက်ပေးနေသူက ပြောသည်။
ထိုင်းနိုင်ငံသို့ MoU ဖြင့် ပို့ဆောင်မည့်အလုပ်သမားအေဂျင်စီကုမ္ပဏီများသည် ရိုးသားစွာလုပ်ကိုင် သည့် ကုမ္ပဏီအနည်းငယ်သာရှိပြီး အများစုသည် စစ်တပ်အရာရှိများ၊ အရာရှိဟောင်းများ ပိုင်ဆိုင်သော ကုမ္ပဏီများဖြစ်ကာ အလုပ်သမားများအပေါ် မတရားခေါင်းပုံဖြတ်နေကြောင်း အထက်ပါ အလုပ်သမားအရေးကျွမ်းကျင်သူက ပြောသည်။
“ကျွန်တော်တို့ ပြောနိုင်တာသည် တော်လှန်ရေးကာလမှာ ပို့တဲ့ ကုမ္ပဏီတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်တယ်ဆိုတာ သိသာတယ်။ ထင်ရှားတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် စစ်ကောင်စီသံရုံးနှင့် ၎င်း၏ အလုပ်သမားသံရုံးများက ဝင်ရောက်လာသည့် MoU အလုပ် သမားများ၏ စာချုပ်ချိုးဖောက်ခံရခြင်း၊ အလုပ် သမားရပိုင်ခွင့်နှင့် အခွင့်အရေးများ ဆုံးရှုံးရခြင်းတို့အတွက် အကာအကွယ်ပြု ကူညီဖြေရှင်းပေးမည့်အခြေအနေမရှိကြောင်း အလုပ်သမားကျွမ်းကျင်သူများက ပြောသည်။
ယခင်က MoU စနစ်ဖြင့်လာရောက်သူများသည် ကုမ္ပဏီများ၊ ပွဲစားများ၊ ထိုင်းအလုပ်ရှင်များ၏ လိမ်လည်ချိုးဖောက်မှုများကို ခံရသော်လည်း မြန်မာအလုပ်သမားအရေးကူညီပေးသူများကြောင့် ရပိုင်ခွင့်၊ အခွင့်အရေးများကို တောင်းဆိုဖြေရှင်းနိုင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
“MoU အလုပ်သမားတွေကို ပြောချင်တာက ဘယ်လောက် အလုပ်အကိုင်အခွင့်အလမ်းမရှိမရှိ မလာကြပါနဲ့။ ဘာလို့ဆို ကျွန်တော်တို့မှာ ဥပဒေမရှိတော့ဘူး။ ထိုင်းဘက်မှာ မတရားလုပ်လည်း ဘယ်တိုင်ရမှန်းမသိဘူး။ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရကလည်း တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတွေရှိတယ်။ ပါတနာတွေဖြစ်တယ်။ အဲဒီတော့ MoU လုပ်သားတွေ ဒုက္ခ ရောက်ရင် ၊ ရောက်တဲ့နေရာမှာပဲ အသေအကြေခံရမယ့်အနေအထားဖြစ်တယ်။ အငတ်ခံရမယ့် အနေအထားဖြစ် တယ်။
အရင်ကလို သွားပြီး အကူအညီပေးလို့ မရတဲ့အနေအထားဖြစ်တယ်” ဟု မဟာချိုင်အခြေစိုက် မြန်မာလုပ်သားများအရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့၏ ဝင်ငွေရလမ်းအတွက် MoU အလုပ်သမားများ တင်ပို့ရေးကို အစွမ်းကုန်ကြိုးပမ်းနေခြင်းဖြစ်ပြီး တဖက်တွင်လည်း တော်လှန်ရေးတွင် လူငယ် များ အားနည်းသွားစေရန် ရည်ရွယ်နေခြင်းဖြစ်နိုင်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးခဲ့သူ ကိုရဲမင်း(AAC)က သုံးသပ်သည်။
“မြန်မာပြည်တွင်းက လူငယ်တွေ ဒီတော်လှန်ရေးကို အာရုံစိုက်မှုနည်းပါးပြီးတော့ ပြည်ပ ကိုထွက်ခွာဖို့ပဲ အလုအယက်လုပ်ကြရတဲ့အနေအထားမျိုးမှာ တော်လှန်ရေးအတွက်လည်း ဆုံးရှုံးမှုဖြစ်စေတယ်” ဟု ၎င်းက ဆိုသည်။
သို့သော် ထွက်ခွာသွားသည့် အလုပ်သမားများအနေဖြင့် မှန်ကန်စွာအလုပ်များရရှိသွားပါက ၎င်းတို့၏ တော်လှန်ရေး၌ ထည့်ဝင်ငွေက ကောင်းကျိုးရှိနိုင်ပြီး MoU ဖြင့်ထွက်လာသူ အနည်းဆုံး ၇၀ ရာခိုင်နှုန်းသည် နွေဦးတော်လှန်ရေးကို ထောက်ပံ့ပါဝင်မည်ဟုယုံကြည်ကြောင်း ကိုရဲမင်းက ဆို သည်။
လက်ရှိ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများသည် နွေဦးတော်လှန်ရေးအတွက် တတ်နိုင်သမျှ ထောက်ပံ့ပါဝင်နေပြီး ၎င်းတို့၏ လှူဒါန်းငွေသည် ဘတ်ငွေ သန်းချီရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရှိပြီးသောပြည်ပရင်းနှီးမြှုပ်နှံမှု များ ပြန်လည်ထွက်ခွာခြင်း၊ ရပ်နားခြင်း၊ ထပ်မံဝင်ရောက်မှုမရှိခြင်း စသည့်အခြေအနေများကြောင့် အလုပ် အကိုင်အခွင့်အလမ်းရှားပါးလာကာ ပြည်ပသို့ထွက်ခွာအလုပ်လုပ်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
ယခု ထိုင်းနိုင်ငံသို့ MoU ဖြင့်လာရောက်ရန် လမ်းပွင့်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်း လို အပ်နေမှုကို ဖြည့်ဆည်းနိုင်သည့် ကောင်းကျိုးတစ်ခုသာ ရှိကြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူများက ပြောသည်။
ထိုကောင်းကျိုးသည်လည်း ကြိုတင်ငွေကြေးကုန်ကျမှုနှင့် စွန့်စားရမှုများဖြင့်ပြည့်နှက်နေ သည်ဟု အလုပ်သမားကျွမ်းကျင်သူများက မှတ်ချက်ပြုသည်။
“အဆင်ပြေတယ်ဆိုရင်တော့ အိမ်ကို ပိုက်ဆံပြန်ပို့နိုင်တာပေါ့။ ဒါပေမဲ့ အဆင်မပြေဖို့က ပိုများတယ်။ ကျွန်တော်တို့ အလုပ်သမားအရေးလုပ်နေတဲ့ သက်တမ်းတလျှောက်မှာ အလုပ်လက်မဲ့ အလုပ် သမား သိန်းဂဏန်းနဲ့ရှိတယ်။ မြန်မာပြည်က တရားဝင်လာသူရော၊ တရားမဝင်ဝင်လာသူရော။ အဲ့လူတွေကို အလုပ်မပေးနိုင်သေးဘဲ အခုလာမယ့်သူတွေကို အလုပ်နေရာပေးဖို့ဆိုတာ အဆင် မပြေဖို့ ပိုများတယ်လို့ ကျွန်တော်တို့က ယူဆတာပေါ့” ဟု အလုပ်သမားအရေးကျွမ်းကျင်သူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်က “မြန်မာရွှေပြောင်းအလုပ်သမားတွေ လမ်းခရီး အန္တရာယ်ကင်းရှင်းကြပါစေလို့ ဆုတောင်းပေးပါတယ် ခင်ဗျ”ဟု ပြောသည်။