●PDF များထပ်ပေါ်လာပါက တစ်ရွာလုံးအားမီးရှို့မည်ဟု စစ်တပ်ခြိမ်းခြောက်၊ ပြည်သူကို ဦးတည်တိုက်ခိုက်လာပါက တော်လှန်ရေးအရှိန်မြှင့်မည်ဟု PDF တုန့်ပြန်
ရွာငံဒေသတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ပင်းတယမြို့ခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး၏ နေအိမ်နှင့် အိမ်အသစ်ဆောက်ရန် ဝယ်ယူထားသော သစ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားပြီး PDF များထပ်ပေါ်လာပါက တစ်ရွာလုံးအားမီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်းဒေသခံများကပြောသည်။
ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်သည့်ပင်းတယမြို့ ကြံခင်းမြောင်ရွာကျေးရွာမှ ကိုကျော်ထူးသည် စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ဧပြီ ၁၅ရက်တိုက်ပွဲတွင် ကျဆုံးခဲ့သည်။ယခုအခါ စစ်ကောင်စီက ကိုကျော်ထူး ပိုင်ဆိုင်သည့် ကြံခင်းမြောင်ရွာကျေးရွာမှ နေအိမ်နှင့်အိမ်အသစ်ဆောက်ရန် ဝယ်ယူထားသော သစ်များကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံများကို ခြိမ်းခြောက်နေခြင်းဖြစ်သည်ဟု ရွာငံနှင့် ပင်းတယမြို့ခံများကပြောသည်။
“စစ်ခွေးတွေက ကိုကျော်ထူး အိမ်ကိုလာပြီးမွှေနှောက်တယ်။ အိမ်အသစ်ဆောက်ဖို့လုပ်ထားတဲ့သစ်တွေနဲ့ လက်ရှိနေအိမ်ကိုမီးရှို့ပြီး နောက်ထပ် PDF တွေထပ်ပေါ်လာရင်တစ်ရွာလုံးကိုမီးရှို့မယ်ဆိုပြီးအသားလွတ်ကြိမ်းမောင်းဖျက်ဆီးခဲ့တယ်” ဟု ဓနုတိုင်းရင်းသားတစ်ဦးကပြောသည်။

Public Service Announcement
ကိုကျော်ထူးသည် ဧပြီလ ၁၅ရက်က ရွာငံမြို့ တဲလုကျေးရွာအနီး၌ ဖြစ်ပွားသောတိုက်ပွဲတွင် ကျဆုံးခဲ့သည့်ပြည်သူ့ကာကွယ်ရဲဘော် ငါးဦးထဲမှ တစ်ဦးဖြစ်သည်။ထိုနေ့က တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်းသေခဲ့ပြီး ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျည်မလောက်၍ ဆုတ်ခွာခဲ့စဥ် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်၍ PDF ငါးဦး ကျဆုံးခဲ့ရခြင်းဖြစ်သည်။ ကိုကျော်ထူး၏ ဇနီးနှင့် ကလေးငယ်နှစ်ဦးသည် လတ်တလောတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တော်လှန်ရေးရဲဘော်များကပြောသည်။
ကိုကျော်ထူး၏အိမ်များ မီးရှို့ဖျက်ဆီးပြီးနောက် PDF များ ထပ်မံပေါ်လာပါက ရွာကို မီးရှို့မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ခြင်းအတွက် ဒေသခံများက ဒေါသဖြစ်နေသည်။
ရွာငံနှင့် ပင်းတယမြို့နယ်ပါဝင်သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ စစ်ကောင်စီအနေဖြင့် အရပ်သားများအား ဦးတည်၍ ရန်ငြိုးထားဖျက်ဆီးခြင်းမပြုလုပ်ရန် ဒေသခံများက တန်ပြန်သတိပေးသည်။ ထိုသို့ ကျူးလွန်လာပါကလည်း ဓနုဒေသသည် ငြိမ်သက်သွားမည်မဟုတ်ဘဲ နေရာစုံက တော်လှန်သည့်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု ဒေသခံများကပြောသည်။
လက်နက်ကိုင်ထားသူချင်း သတ္တိရှိရှိရင်ဆိုင်တိုက်ခိုက်ရန်နှင့် ပြည်သူလူထုအား မထိပါးရန်ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးပြီး အကယ်၍ပြည်သူကို ဦးတည်တိုက်ခိုက်လာပါက တော်လှန်ရေးအရှိန်မြှင့်မည်ဟုဆိုသည်။
ရွာငံဒေသတွင် စစ်ကောင်စီက သုံးလအတွင်း အပြစ်မဲ့ပြည်သူဆယ်ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ၂၆ဦးဖမ်းဆီးခဲ့ကာ ကျေးရွာ လေးရွာမှ ဒေသခံရှစ်ရာ ကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားသည်။ ယင်းလုပ်ရပ်များသည် စစ်အာဏာရှင်း တော်လှန်ရေးကို ပိုမိုအသက်ဝင်စေသည်ဟု ဒေသခံများက ဆိုသည်။
” ပြည်သူကို နင်ပဲငဆနဲ့ ရန်ငြိုးထားရင်တော့ အစိမ်းတွေပါ အကုန် နီသွားလိမ့်မယ်။ မယုံရင်စောင့်ကြည့်”ဟုဓနုတိုင်းရင်းသားတစ်ဦးကပြောသည်။
ရွာငံဒေသတွင် အရပ်သားများအား ဖိနှိပ်သတ်ဖြတ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီတပ်များမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလောအခြေစိုက် ခမရ ၁၁၂ နှင့် ၁၁၅ ၊ ရပ်စောက်အခြေစိုက် ခမရ ၅၀၈ နှင့် ၅၀၉ တို့ ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ကမှတ်တမ်းတင်ထားသည်။


















































