●စစ်တပ်ဝင်ငွေလမ်းကြောင်းဖြတ်တောက်ရေးအပါအဝင် အရေးကြီးအကြောင်းအရာလေးခုဆွေးနွေးခဲ့ဟု KPICT အသိပေး
ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် ကရင်၊ ကချင်၊ ကရင်နီနှင့် ချင်းလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ မေလ ၂၅ရက်က တွေ့ဆုံ၍ မြန်မာနိုင်ငံအရေးကိစ္စများအပေါ် အလွတ်သဘော ဆွေးနွေးခဲ့သည်။
Norway Mission အစီအစဉ်ဖြင့်ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲသို့ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အပါအဝင် ကချင်နိုင်ငံရေးအင်အားစုများဖြင့်ဖွဲ့စည်းထားသည့် ကချင် နိုင်ငံရေးဆိုင်ရာ ကြားကာလညှိနှိုင်းရေးအဖွဲ့(KPICT)အတွင်းရေးမှူး Salang Nsang Gum San အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကရင်နီ ကိုယ်စားလှယ် တို့ တက်ရောက်သည်ကို KPICTက ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံ၌ တွေ့ရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အဓိကတင်ပြခဲ့သောအချက်များမှာ(၁) စစ်တပ်၏ အဓိကငွေကြေးထောက်တိုင်ကြီးတစ်ရပ်ဖြစ်သည့် ရေနံလုပ်ငန်းမှ ဝင်ငွေလမ်းကြောင်းများအား ဖြတ်တောက်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ (၂)ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးနှင့် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးရန် အလွန်အရေးကြီးကြောင်း၊ (၃) လိုအပ်သော လူသားချင်းစာနာကူညီရေး အထောက်အပံ့များအားအိမ်နီးချင်းနိုင်ငံတို့၏ နယ်စပ်ဂိတ်များမှတဆင့် သယ်ယူပို့ဆောင်နိုင်ရာတွင် ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း နှင့် (၄) အာဆီယံနိုင်ငံတို့မှပူးပေါင်းဆွေးနွေးရန်လမ်းစဉ်အကောင်အထည်ဖော်ရေး တိုက်တွန်းနေခြင်းမှာ ငြိမ်းခါနီးသည့်မီးတောက်အား၊ အသက်ပြန်သွင်းသည့်အသွင် မဖြစ်စေရန် အရေးကြီးကြောင်း အချက် များဖြစ်သည်ဟု KPICTက ထုတ်ပြန်သည်။

Public Service Announcement

အဆိုပါ အချက်များအပြင် အခြားအရေးကြီး ကိစ္စရပ်များ အား ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်းအသေးစိတ်ဖော်ပြမထားပေ။
ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များသည် ပြည်သူများနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် အဖွဲ့များဖြစ်သည်။
