ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးဆိုင်ရာ ကြိုးပမ်းမှု အထိမ်းအမှတ်နေ့ ဖြစ်သော ကော်သူးလေနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့သည်။
ယနေ့ (ဇွန်လ ၁၄ရက်)ကျရောက်သည့် (၇၃) နှစ်ပြည့် ကော်သူးလေနေ့ အခမ်းအနားသို့ ပေးပို့သည့် NUG၏ သဝဏ်လွှာတွင် ကရင့်ခေါင်းဆောင်ကြီးစောဘဦးကြီး ချမှတ်ခဲ့သော ကရင့်လမ်းစဉ်နှင့်အညီ ကရင်တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး “ကော်သူးလေ” ရည်မှန်းချက်အတွက် ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့်ပေးဆပ်အနစ်နာခံခဲ့ကြသော ကရင့်အာဇာနည် အပေါင်းအား ဦးညွှတ်အလေးပြုကြောင်း ဖော်ပြထားသည်။






“မကောင်းသော အဆိုးအညစ်အပေါင်း ကင်းစင်သောပြည်” ဟူ၍ အဓိပ္ပါယ်ရှိသည့် “ကော်သူးလေ” နေ့တွင် ကရင်ပြည်နယ်နှင့်တကွ ကရင်လူမျိုးများနေထိုင်ရာ နယ်မြေဒေသအားလုံး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အသီးအပွင့်များဖြင့် ပြည့်ဝစုံလင်နိုင်ပါစေကြောင်း NUGက ဆန္ဒပြု ဖော်ပြထားသည်။
၁၉၄၉ ဇွန်လ ၁၄ရက်တွင် ကရင့်တော်လှန်ရေးခေါင်းဆောင်ကြီး စောဘဦးကြီးက ရေဒီယိုမှတစ်ဆင့် ကရင်ပြည်သူအားလုံးတို့အတွက် “ကော်သူးလေ” ဆိုင်ရာ မိန့်ခွန်းတစ်ရပ် ပြောကြားပြီး ကရင်အားလုံး စည်းလုံးညီညွတ်ရေးနှင့်အတူ၊ နိုင်ငံရေးလမ်းပြမြေပုံတစ်ရပ် မျိုးစေ့ချ ရှင်သန်စေခဲ့သည်ကို အထိမ်း အမှတ်ပြု၍ “ကော်သူးလေနေ့” ကိုကျင်းပခဲ့ခြင်းဖြစ်သည်။

Public Service Announcement


















































