တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်း မနေ့ ညပိုင်းက သက်ကြီးပိုင်း ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနီးကပ်ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ် ၊ကဒက်ကြီးကျေးရွာ ကို မနေ့ကညပိုင်း ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးခန့်ဟာ ကား ၂ စီးနဲ့ရောက်လာပြီး နေအိမ် ၅ လုံး ကို ဝင်ရောက်စီးနင်းပြီးဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုစီးနင်းရာမှာ အသက် ၆၁ နှစ်အရွယ် လင်မယား ၂ ဦးကို ဖြစ်တဲ့ ဦးသောင်းဝင်းနဲ့ ဒေါ်ဝင်းအေး ကို လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့တယ်လို့ သပိတ်ကော်မတီရဲ့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပစ်သတ်ပြီး နေအိမ်က ပစ္စည်းအချို့ကို ဖျက်ဆီးသလို တန်ဖိုးကြီးပစ္စည်းနဲ့ ပိုက်ဆံအချို့ကိုလည်း မတရားယူဆောင်သွားတယ်လို့ သိရပါတယ်။

Public Service Announcement
ဒါအပြင် လောင်းလုံးမြို့နယ် ၊ဂေါ့အင်းကျေးရွာ က အသက် ၅၀ ကျော်အရွယ် ဦးဆန်းဝင်းကိုလည်းနေအိမ် ရှေ့မှာအနီးကပ်ပစ်သတ်သွားတယ်လို့ သပိတ်ကော်မတီက ဆိုထားပါတယ်။

ဦးဆန်းဝင်းကိုသတ်ပြီး နေအိမ်က ပိုက်ဆံ၊ရွှေထည်တချို့နဲ့ဆိုင်ကယ် ကိုပါ ယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။
ဒီပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ လုယက်မှုတွေကို လောင်းလုံးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ ၊ စရဖ နဲ့ ပန္ဒလဲကျေးရွာမှာ စခန်းချထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သပိတ်ကော်မတီက အသိပေးထားပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျုစောထီးတွေရဲ့ လက်ချက်နဲ့လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၁၆ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ ပြည်သူ ၈ ဦးပစ်ခတ်ခံရကာ ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့သိရပါတယ်။
