Connect with us

Hi, what are you looking for?

သတင်း

အာဇာနည်ခေါင်းဆောင်များနည်းတူ စစ်ကျွန်ဘဝက လွတ်မြောက်ရေး ကြိုးပမ်း နေသူ အားလုံးကို လေးစားဂုဏ်ပြုကြောင်း NUGနှင့် CRPH ခေါင်းဆောင်များ ပြော

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ အောင်မြင်သည်အထိ ကြိုးစား တိုက်ပွဲဝင်သွားမည်ဟု ကတိပြု ပြောကြားသည်။

လက်ရှိအာဏာရှင်များသည်တိုင်းတစ်ပါးနယ်ချဲ့ထက်များစွာရက်စက်ကြမ်းကြုတ်ဟု ယာယီသမ္မတပြော
လက်ရှိအာဏာရှင်များသည်တိုင်းတစ်ပါးနယ်ချဲ့ထက်များစွာရက်စက်ကြမ်းကြုတ်ဟု ယာယီသမ္မတပြော

လက်ရှိအာဏာရှင်များသည်တိုင်းတစ်ပါးနယ်ချဲ့ထက်များစွာရက်စက်ကြမ်းကြုတ်ဟု ယာယီသမ္မတပြော

အာဇာနည်ခေါင်းဆောင်များနည်းတူ စစ်ကျွန်ဘ၀က လွတ်မြောက်ရေး ကြိုးပမ်း နေသူများ အားလုံးကို လေးစားဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ခေါင်းဆောင်များက ယနေ့ ပြောကြားလိုက်သည်။

ယနေ့ ကျရောက်သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ တိုင်းပြည်သည် တိုင်းတစ်ပါး နယ်ချဲ့အောက်၌ မရှိသော်လည်း စစ်အာဏာရှင်အောက် စစ်ကျွန်ဘ၀ ရောက်နေသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။

“ လက်ရှိ အာဏာရှင်တွေဟာ တိုင်းတပါးနယ်ချဲ့တွေထက်များစွာ ရက်စက် ကြမ်းကြုတ်ပြီး ပြည်သူ လူထုကို နေ့တိုင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ စစ်အာ ဏာရှင်ကိုကျွန်တော်တို့ တော်လှန်တိုက်ခိုက်နေခဲ့ကြတာ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကိုယ့်အကျိုး မိသားစုအကျိုးထက် တိုင်းပြည်အကျိုးအများအကျိုး အတွက် စွန့်လွှတ်တိုက်ပွဲဝင် တော်လှန်ရင်း အာဇာနည်စိတ်ဓာတ်များ ထားရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“၇၅နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုသည့် နည်းတူ ဒီနေ့ စစ်ကျွန်ဘ၀ကနေ လွတ်မြောက်အောင် တော်လှန်နေတဲ့ တော်လှန်ရေး ခေါင်းဆောင်ကြီးများ အဖွဲ့ဝင်များ PDFများ အားလုံးကို ကျွန်တော်တို့က လေးစားပါတယ်။ ဂုဏ်ပြုတယ်လို့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းပြည် ဒီမိုကရေစီ ရရှိဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ဖို့ ကျွန်တော်တို့ တိုင်းပြည်ဟာ ရောဂါဆိုး ကပ်ဆိုးကနေ လွတ်မြောက်ဖို့ ကိုယ်ကျိုးထက် အများအကျိုးကို ကြည့်ပြီး အာဇာနည်စိတ်ဓာတ် ကို မွေးမြူကာ အနာဂတ်မှာ သာယာ၀ပြောတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ဝိုင်းဝန်းကြိုးစားကြပါစို့” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း လက်ရှိ ဆင်နွှဲနေသည့် နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ အောင်မြင်သည်အထိ ကြိုးစား တိုက်ပွဲဝင်သွားမည်ဟု ကတိပြု ပြောကြားသည်။

“ဒီနေ့ ကျရောက်တဲ့ ၇၅နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဘွယ်ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါ အဝင် တိုင်းရင်းသားခေါင်းဆောင်များ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့ရဲ့ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံး ခဲ့ရတဲ့ အာဇာနည်များနဲ့အတူ တကွ အခု နွေဦးတော်လှန်ရေး ကာလမှာ စစ်အာဏာ ရှင်စနစ် ကို ခုခံဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်စွန့်ခဲ့ကြတဲ့ ပြည်သူသားကောင်း အာဇာနည်အပေါင်းတို့ရဲ့ ကျေးဇူးတရားကို အောက်မေ့ဂုဏ်ပြုရင်း ဦးညွှတ်အလေးပြုလိုက်ပါတယ်” ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း လက်ရှိတွင် အာဏာလောဘ ရမက်ကြီးသည့် အမျှော်အမြင်နည်းပါးလှသည့် စစ်အာဏာရှင်တစ်စုက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ကာ အပ်နှင်းထားသည့် နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး ပြည်သူ့အစိုးရထံက မတရား ရယူသိမ်းပိုက်ထားသည့်အပြင် ပြည်သူလူထုကို ဥပဒေမဲ့ နိုင့်ထက်စီးနင်း သတ်ဖြတ်နေမှုများကြောင့် တိုင်းရင်းသားပြည်သူများက ကျရာကဏ္ဍ အသီးသီးက ရရာနည်းဖြင့် စစ်အာဏာရှင်များကိုခုခံဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်နေကြသည်ဟု ပြောကြားသည်။

“တရားမျှတမှု လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး အတွက် နွေဦးတော် လှန်ရေးမှာ တိုက်ပွဲဝင်ကြရင်း အသက်ပေးသွားကြတဲ့ သူရဲကောင်းများကိုလည်းပဲ ဒီအခမ်းအနားကနေ တဆင့်လေးစားစွာ ဂုဏ်ပြု ဦးညွှတ်လိုက်ပါတယ်”ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြိုနယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေနဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေဒီကနေ့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ဖြေရှင်းနိုင်မယ့် သဘောတူညီမှုများရရှိခဲ့တယ်လို့ NUGက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးဖက်ဒရယ်ယူနစ် ၊ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေ နဲ့ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးလူထုမထိခိုက်စေတဲ့ နည်းနာတွေနဲ့ အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ရေး အလေးထား ဆွေးနွေးခဲ့ကြောင်းပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်တိုက်ခိုက်ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးစုစည်းပြီး အမိန့်ပေးမှု တခုတည်းအောက်က တော်လှန်တိုက်ခိုက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေသလို မဟာမိတ်တွေနဲ့ ပူးတွဲအမိန့်ပေးကွပ်ကဲမှုတည်ဆောက်ပြီး လုပ်ဆောင်နိုင်ဖို့လည်းကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။