စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်အား နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း Aung San Generation အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့(ဩဂုတ် ၇ရက်) နံနက်၇နာရီခန့်က ဘုတလင်မြို့နယ်၊ ဇီးတောရွာရှိ စျေးဆိုင်တစ်ဆိုင်အား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက PDFအယောင်ဆောင်ကာ စျေးဝယ်ခဲ့သည်။
၎င်းတို့နှစ်ဦးအား ၇၅ မီတာအကွာခန့်တွင် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ၎င်းစစ်သားနှစ်ဦးသည် ဆဲဆိုပြီး သေနတ်ဖောက်ခဲ့သည်ဟု ဆိုသည်။
ဆဲသံအဆုံးတွင် စာသင်ကျောင်းထဲ၌ အသင့် ရှိနေသော စစ်ကောင်စီတပ်များက စတင်ပစ်ခတ်သဖြင့်၁၀မိနစ်အကြာ တိုက်ပွဲထိတွေ့မှုဖြစ်ခဲ့ကြောင်း Aung San Generation အဖွဲ့က အသိပေးသည်။

Public Service Announcement
လက်နက်၊ လူအင်အားမမျှသဖြင့် ပိုးကုန်းရွာသို့ ဆုတ်ခွာခဲ့ပြီး အခြေအနေကို စောင့်ကြည့်နေချိန် ပိုးကုန်းရွာအနီး ငှက်ပြောခြံထဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်က (၆၀)မမ၊ (၄၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ကနောင် Local PDF အကူအညီဖြင့် အသင့်ထောင်ထားသော မိုင်းများကို ဖောက်ခွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးအား ထိမှန်ခဲ့ကြောင်း Aung San Generation က ပြောသည်။
နံနက် ၁၁နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်များ ရောက်ရှိနေသော ဘုတလင်လမ်း ကတ္တားဂိတ်အရောက်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးထိခဲ့ကြောင်း၊ ယနေ့ဖြစ်စဥ်များ၌ စုစုပေါင်း အကြမ်းဖက်စစ်သား ငါးဦး သေဆုံးခဲ့ကြောင်း Aung San Generation အဖွဲ့က အသိပေးသည်။
ဖြစ်စဥ်များနှင့်ပတ်သက်ပြီး Aung San Generation အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။


















































