▪︎တစ်ဒေါ်လာ ကျပ် ၄၅၀၀ ကျော်လာ၊ ရောင်းသူမရှိဘဲဝယ်လိုသူသာရှိနေ
ပြည်တွင်းငွေကြေးဈေးကွက်မှာ တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ကျော် ဈေးတက်လာပြီး ဈေးကွက်အတွင်း ဒေါ်လာကို အလုအယက်လိုက်နေကြတယ်လို့ ငွေလဲလုပ်ငန်းရှင်တွေက ပြောပါ တယ်။ ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအားမြင့်တက်နေပေမယ့်လည်း ရောင်းချမယ့်သူမရှိဘူးလို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ရွှေစျေးကွက်မှာလည်း အခေါက်ရွှေတစ်ကျပ်သားကို ၃၇ သိန်း အထိမြင့်တက်လာပြီး စျေးနှုန်း မတည်ငြိမ်ဘူးလို့လည်း သိရပါတယ်။

▪︎ပြင်ဦးလွင်၊နောင်ချို နယ်တိုက်ပွဲတွေမှာစစ်သား ၄၀ကျော်သေ
ပြင်ဦးလွင်၊ နောင်ချို မြို့နယ်တွေမှာ ဩဂုတ် ၂၄ရက်က စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က၄၀ ကျော်သေဆုံးပြီးအများအပြားဒဏ်ရာရရှိတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကထုတ်ပြန်ပါတယ်။ဩဂုတ် ၂၄ရက် ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ် ၂၀ဦး ၊ ဩဂုတ် ၂၉ရက် မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦး ကျော်သေဆုံးခဲ့ပြီး မနေ့က ဩဂုတ် ၃၀ရက် မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

▪︎ဈေးကောက်လာတဲ့ပျူနဲ့စစ်သားတွေကိုPDFတွေကတိုက်ခိုက်၊ ၅ ယောက်သေပြီးသေနတ် ၅လက်နဲ့ကျည်ဆံတွေရ
ရေစကြိုမြို့ အမှတ်(၈)ရပ်ကွက် ဘောလုံးကွင်း ပျံကျစျေးအနီး စျေးကောက်ကောက်ပြီး ကင်းပတ်လာတဲ့ ပျူစောထီးခေါင်းဆောင် ထွန်းအောင်ကျော် ပါဝင်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ၅ဦးကို ဩဂုတ် ၂၉ရက်မနက်က ရှင်းလင်းခဲ့ပြီး လက်နက် ၅လက်နဲ့ ကျည်၊ခဲယမ်းတွေ ရရှိခဲ့တယ်လို့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့-ရေစကြိုက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

▪︎လူသားချင်းစာနာမှုအကူအညီကို ဒေသခံတွေနဲ့ နယ်စပ်အခြေစိုက်အဖွဲ့အစည်းတွေကတဆင့်သာ ပေးအပ်ဖို့ PV အဖွဲ့တိုက်တွန်း
မြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုအကြပ်အတည်းကို ဒေသခံတွေနဲ့ နယ်စပ်အခြေစိုက်အဖွဲ့အစည်းတွေကတဆင့်သာ အကူအညီတွေ ထောက်ပံ့ကူညီဖို့ အာဆီယံနဲ့ နိုင်ငံတကာကို ရှေ့ပြေးအသံအဖွဲ့(Progressive Voice)က ဒီနေ့ထုတ်ပြန်တိုက်တွန်းပါတယ်။ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ တရားမဝင်အာဏာသိမ်းမှုကို ဆက်လက်ဖော်ဆောင်နိုင်ဖို့ အကူအညီတွေကို လက်နက်သဖွယ်အသုံးပြုခွင့်ပေးနေခြင်းသာ ဖြစ်တယ်လို့ PV က ဆိုပါတယ်။

▪︎ရသေ့တောင်မှာ ဒီနေ့မနက် တိုက်ပွဲ နှစ်နေရာ ဆက်ဖြစ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ နှစ်နေရာဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြော ပါတယ်။ မနေ့ညပိုင်းက ဘူးသီးတောင်နဲ့ ရသေ့တောင်အစပ် မေယုမြစ်အရှေ့ဘက် တစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ရေစိုးချောင်းဗျူဟာကို စစ်ကောင်စီတပ်က စစ်အင်အားနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ပို့ဆောင်နေစဉ် AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
▪︎မန္တလေး ဆေးတက္ကသိုလ် ဂုဏ်ဆောင် ဒေါက်တာကျော်ကျော်သက်ကို မတရားသဖြင့် ထောင်ဒဏ် ၇ နှစ်ထပ်ချ
မန္တလေး ဆေးတက္ကသိုလ်ရဲ့ ထူးချွန်ကျောင်းသားအဖြစ် အသိအမှတ်ပြုခံထားရသူ ဒေါက်တာကျော်ကျော်သက်ကို အကြမ်းဖက်စစ်အုပ်စုက ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ ဒေါက်တာကျော်ကျော်သက်ကို ဖမ်းဆီးပြီး အမှုဆင်ရာမှာ NUG နဲ့ပတ်သက်တာ၊ အွန်လိုင်းကနေ ဆေးပညာ သင်ကြားတာတွေကို အကြောင်းပြကာ ဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်ပုဒ်မ ၅၂(က)နဲ့ တရားစွဲခဲ့ပါတယ်။ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးဖြစ်တာကြောင့် ဒေါက်တာကျော်ကျော်သက်ကို စစ်အုပ်စုက ထောင်ဒဏ် စုစုပေါင်း ၁၀ နှစ်ထိ ချထားတာဖြစ်ပါတယ်။

▪︎ကျွန်းလှနယ်ထဲမှာ စစ်ကောင်စီ မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်းတွေ့ရှိ
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ တည်ပင်ဆိပ်ရွာမှာ ဒေသခံတွေကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ် အလောင်းဖျောက်တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သဖန်းဆိပ်ဆည်အနောက်မြောက်ခြမ်းရှိ တည်ပင်ဆိပ်ရွာ၌ စစ်ကောင်စီတပ်က သတ်ဖြတ်ကာ စွန့်ပစ်ထားသည့် ရုပ်အလောင်းနဲ့ မီးရှို့ထားတဲ့ ရုပ်အလောင်း (၈)လောင်းတွေ့ရှိထားပါတယ်။ သေဆုံးသူတွေရဲ့ အရိုးစုတွေကိုသာ တွေ့ရတာကြောင့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

▪︎ဆန်စပါးနဲ့ ဆီသယ်ယူရောင်းချခြင်းကို ဂန့်ဂေါ(ပအဖ) ပိတ်ပင်
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းဒေသတွေက ဆန်စပါးနဲ့ ဆီသယ်ယူရောင်းချခြင်းကို ပိတ်ပင်လိုက်ပြီလို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးထားတာကြောင့် ဆန်စပါးနဲ့ကောက်ပဲသီးနှံများဆုံးရှုံးရခြင်း အကျိုးဆက်မှ ဆန်နဲ့ဆီ ဈေးနှုန်းကို ထိန်းညှိဖို့လိုအပ်တာကြောင့် ပိတ်ပင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူတွေရဲ့ စား၊ဝတ်၊နေရေး အဆင်ပြေစေဖို့ ဆန်စပါးနဲ့ကုန်စည် အချို့သယ်ယူရောင်းချခြင်းတွေကို တောက်လျှောက် စောင့်ကြည့်ကြပ်မတ်နေတယ်လို့ ဆိုပါတယ်။
▪︎NUG နဲ့ ပနံသင့်တဲ့ မလေးရှားကို စစ်ကောင်စီ ဗီဇာကင်းလွတ်ခွင့်မပေး
အာဆီယံနိုင်ငံတွေထဲမှာ မလေးရှားကလွဲပြီး ကျန်နိုင်ငံအားလုံးကို ဗီဇာကင်းလွတ်ခွင့်ပြုတယ်လို့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ကြေညာပါတယ်။ မလေးရှားဟာ မြန်မာပြည်သူလူထုရဲ့တရားဝင်အသိအမှတ်ပြုအစိုးရ NUG နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း NUG နဲ့ ထိတွေ့ဆက်ဆံဖို့ တိုက်တွန်းထားပါတယ်။ မလေးရှားဟာ ကတိမတည်ဘဲ အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို အာဆီယံရဲ့ ဝန်ကြီးအဆင့်အစည်းအဝေးအားလုံးမှာ တက်ရောက်ခွင့်မပေးဖို့ ကန့်ကွက်ထားပါတယ်။
▪︎နှမ်းခါးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးထားလို့ အကူအညီတွေလိုအပ်နေ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားတာ ကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ နှမ်းခါးရွာ ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောပါ တယ်။ နှမ်းခါးကျေးရွာရှိ စစ်ဘေးရှောင်စာသင်ကျောင်း၊ နေအိမ် (၈)လုံးနဲ့ နာရေးကားအပါအဝင် မော်တော်ယာဉ်(၆)စီး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၁၉ ရက်က နှမ်းခါးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDF အဖွဲ့တွေ နှစ်နာရီခွဲခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်အကျအဆုံးများခဲ့တယ်လို့သိရပါတယ်။
▪︎ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ အိမ်ပြန်ပို့ငွေကို စစ်ကောင်စီ မျက်စောင်းထိုး
ပြည်ပရောက်မြန်မာတွေရဲ့ ပြည်တွင်းကိုလွှဲပို့တဲ့နိုင်ငံခြားငွေတွေကို အရောင်းအဝယ်ပြုလုပ်မယ်ဆိုရင် ၂၁ ရက်အတွင်း အပြီးသတ်ရောင်းချရမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က မနေ့ကထုတ် ပြန်ပါတယ်။ အဲဒီကန့်သတ်ချက်ဟာ စက်တင်ဘာ ၁ ရက်ကစပြီး အကျိုးသက်ရောက်မယ်လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေအပါအဝင် ဒေါ်လာဝင်ငွေရှိတဲ့လုပ်ငန်းမျိုးစုံကို နည်းမျိုးစုံနဲ့ ဒေါ်လာရရှိဖို့လုပ်ဆောင်နေပြီး အခုတစ်ကြိမ်မှာ ပြည်ပရောက်မြန်မာလုပ်သားတွေကို ဦးလှည့်လာတာဖြစ်ပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
စစ်ကိုင်းတိုင်း ကလေးမြို့ပင်မသပိတ်အင်အားစုဟာ “Reject Military to stop Inhumanity Accept NUG to save Democracy”စာတန်းကိုင်ဆောင်ပြီး ဒီနေ့မနက်ပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ပါတယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသမှာ ယောလူထုတိုက်ပွဲကော်မတီက YDF – SAW ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များဝန်းရံပြီး “၈/ယော” ၊ “စစ်ခွေးသခ်ျိုင်း ယောနကတိုင်း” ၊ “ဖုန်းလိုင်းကိုသာ ဖြတ်လို့ရမယ်တော်လှန်စိတ်ကိုဖြတ်မရဘူး” ၊ “ထောင်တွင်းရဲဘော်တွေကိုဝန်းရံကျ”စတဲ့စာသားတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လူထုသပိတ်ကလည်း “စစ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ သခင်စိတ်နဲ့ တိုက်ကြစို့” စာသားကိုင်ဆောင်ပြီး ဒီနေ့မနက်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။


















































