Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

PDFကို စစ်ကောင်စီ မည်သို့မှချေမှုန်းလို့မရနိုင်တော့သည့် အင်အားတစ်ခု တစ်နှစ်အတွင်း တည်ဆောက်နိုင်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်အတွေ့အကြုံ ပြန်သုံးသပ်ပြီး လာမည့်နှစ်မဟာဗျူဟာကို ညှိနှိုင်းဆွေးနွေးရေးဆွဲနေသည်ဟု ဆိုသည်။

(စစ်ကိုင်းတိုင်းအတွင်း ယနေ့ ဒေါင်းနီအဖွဲ့မှ ဦးဆောင်သည့် အင်အာအများအပြားဖြင့် ချီတက်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် 96 Soldiers ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက လိုက်ပါဝန်းရံပေးနေစဥ်၊ ဓာတ်ပုံ - 96 Soldiers)
(စစ်ကိုင်းတိုင်းအတွင်း ယနေ့ ဒေါင်းနီအဖွဲ့မှ ဦးဆောင်သည့် အင်အာအများအပြားဖြင့် ချီတက်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် 96 Soldiers ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက လိုက်ပါဝန်းရံပေးနေစဥ်၊ ဓာတ်ပုံ - 96 Soldiers)

▪️တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် ရေခံ၊မြေခံအားလုံးရှိနေပြီဟု အသိပေး

▪️တော်လှန်ရေး အဆုံးသတ်ပန်းတိုင်ရယူရေးဆိုင်ရာ မဟာဗျူဟာကို မကြာမိ အသိပေးမည်

စစ်အာဏာရှင် ဖြုတ်ချရေးအတွက် တစ်နှစ်အတွင်း အင်အားတည်ဆောက်မှုကို အဓိက ဦးစားပေးဆောင် ရွက်ခဲ့ရပြီး လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သည် စစ်ကောင်စီ မည်သို့မှ ချေမှုန်းလို့မရတော့သည့်အင်အားကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် NUG ဘာလုပ်နေလဲ ပြည်သူများနှင့် အမေးအဖြေကဏ္ဍ၌ ဝန်ကြီးက တော်လှန်ရေး တစ်နှစ်တာကာလအတွင်း အခြေအနေများ၊ ဆောင်ရွက်ခဲ့မှုများကို ရှင်းပြခဲ့ပြီး အနာဂတ် အစီအမံများကို အသိပေးခဲ့သည်။

အင်အားတည်ဆောက်မှုတွင် PDFတပ်မတော်သစ်တစ်ရပ် ပေါ်ပေါက်လာစေရန် အတွက်ဖြစ်ပြီး တစ်ဖက်တွင် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နိုင်ငံရေး၊ စစ်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖြစ်စေရန် တည်ဆောက်ခဲ့ရသည်ဟုဆိုသည်။

“အင်အား တည်ဆောက်မှု နှစ်ခုလုံးဟာ အခုတစ်နှစ်ပြည့်တဲ့ အချိန်မှာကတော့ ကောင်းကောင်း ခိုင်ခိုင်မာမာနဲ့ PDF အင်အားရော မဟာမိတ်အင်အားရော ပုံပေါ်လာပြီဆိုတာ ပြောလို့ရတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

PDFကို အင်အားတည်ဆောက်ရာတွင် အချိန်တိုအတွင်းတပ်မတော်အသစ်တစ်ခု ထူထောင်နိုင်ရေးကြိုးပမ်းခဲ့ရာ စုဖွဲ့မှု၊ ကွပ်ကဲမှု ထူထောင်ရပြီး လက်နက်တပ်ဆင်မှု လုပ်ဆောင်ခဲ့ရကြောင်း၊ အင်အားများကို ဗျူဟာမြောက် ဖြန့်ကျက်မှုလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အခု ကျွန်တော်တို့ တစ်နှစ်ပြည့်တဲ့အချိန် ပြန်ကြည့်မယ်ဆိုရင် PDFအင်အားရော မဟာမိတ်အင်အားရော က ကျွန်တော်တို့အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို ခုခံတွန်းလှန်ဖို့ အတွက် အင်မတန်ခိုင်မာတဲ့ အင်အားတစ်ခု ရရှိပြီ။ PDF ဆိုတာ ဒီနေ့ဒီအချိန် စစ်ကောင်စီ ဘယ်လိုမှ ချေမှုန်းလို့မရနိုင်တော့တဲ့ အင်အားတစ်ခု အဖြစ်ပေါ်ပေါက်လာပြီဆိုတာကလည်း ဒီတစ်နှစ် ထူးခြားတဲ့ ရလဒ်တစ်ခုဖြစ်တယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

တော်လှန်ရေး အောင်မည်လားဟု မေးလာပါက သေချာပေါက်အောင်မြင်မည်ဟု ပြောနိုင်ကြောင်း ဝန်ကြီးက ပြောသည်။

“တော်လှန်ရေးအောင်ဖို့လိုအပ်တဲ့ ရေခံမြေခံအားလုံး ကျွန်တော်တို့ရှိတယ်။ PDF တပ်မတော်သစ်ရှိနေပြီ။ မဟာမိတ် စုစည်းညီညွတ်မှုရှိပြီ။ အထူးသဖြင့် ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ်မှာ ရပ်တည်ထောက်ခံမှုက အင်မတန်အရေးကြီးတယ်လို့ ပြောလို့ရတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ဆက်လက်ပြောကြားသည်။

ပြည်သူကလည်း စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်သော်လည်း တော်လှန်ရေးအပေါ် ပုံအောပြီးတော့ ကြံ့ကြံ့ခံ ရပ်တည်ကာ တော်လှန်ရေး အောင်မြင်ရေးအတွက် PDFများ၊ မဟာမိတ်များနှင့် လက်တွဲပြီး ထောက်ခံ ဝန်းရံပေးနေခြင်းက တော်လှန်ရေးအောင်ရာ အောင်ကြောင်း အရေးကြီးသည့် အခြေအနေဖြစ်သည်ဟု ရှင်းပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်အတွေ့အကြုံ ပြန်သုံးသပ်ပြီး လာမည့်နှစ်မဟာဗျူဟာကို ညှိနှိုင်းဆွေးနွေးရေးဆွဲနေသည်ဟု ဆိုသည်။

“ဒီမဟာဗျူဟာနဲ့ပတ်သက်ရင် ကျွန်တော်တို့ရဲ့ မဟာမိတ်များရော ပြည်သူများရော နိုင်ငံတကာကိုရော ကျွန်တော်တို့ မကြာခင်မှာ လိုအပ်သလို အသိပေးဆောင်ရွက်ဖို့ရှိပါတယ်” ဟု ဝန်ကြီး ကပြောသည်။

လာမည့်နှစ်သည် အရေးကြီး၍ တော်လှန်ရေးအင်အားစု အားလုံးအစွမ်းကုန် လက်တွဲပြီး ညီညွတ်စွာ အလုပ်လုပ်ခြင်းအားဖြင့် တော်လှန်ရေး အဆုံးသတ်ပန်းတိုင်ကို ရယူရန် မျှော်မှန်းပြီး ပြင်ဆင်ရေးဆွဲနေခြင်း ဖြစ်သည်ဟု အသိပေး ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။