မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ၂ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦး သေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

Public Service Announcement

ထိုနေ့ညကလည်း မြင်းခြံမြို့ပေါ်၊ အထက (၂)ကျောင်းရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်)နံနက်ပိုင်းတွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
“မနက်ပိုင်းမှာ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံး တွေ့ရပြီး စခနဲ့ပျူတွေ မကောက်ရဲဘဲ တာယာဘီးကွင်း လာချသွားတယ်လို့သိရတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်ကလည်း မြင်းခြံ-တောင်သာလမ်းပေါ်ရှိ နန်းမြင့်တောင် စစ်ကောင်စီဂိတ်ကို လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း Natogyi People Defence Forve – NPDF က သတင်း ထုတ်ပြန်ထားသည်။


















































