Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လေကြောင်းမှ ဗုံးကြဲ၍ ဖမ်းမိစစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိဟု AA အသိပေး

စက်တင်ဘာ ၂၃ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်လာရာ မောင်တောမြို့နယ် လက်ပံတောင်ကြောပေါ်ရှိ အကျဉ်းထောင် ၂ခုအားထိမှန် ကာ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲဝင်နှင့်အခြားသောအကျဉ်း သားအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ရက္ခိုင့်တပ်တော်မှ တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - AA
ရက္ခိုင့်တပ်တော်မှ တပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - AA

▪️ဒဏ်ရာရလူနာများ လွှဲပြောင်းပေးမည်ဟု စစ်ကောင်စီထံ အကြောင်းကြားသော်လည်း ၅ရက်ကြာသည်အထိ ဆက်သွယ်မှုမရှိဘဲ လစ်လျူရှုထားဟုဆို

▪️ဆေးကုသခွင့်ပေးရန် စစ်ကောင်စီခေါင်းဆောင် များထံဒဏ်ရာရ စစ်အကျဉ်းသား တောင်းဆို

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြောသို့ စစ်ကောင်စီတပ်က တိုက် လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဖမ်းဆီးထား​သောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များထားရှိရာ အကျဉ်းထောင်ကို ထိမှန်ပြီး အကျဉ်းသားသေဆုံးထိခိုက်မှု ရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ထုတ်ပြန်သည်။

ချင်းပြည်နယ် ပလက်၀နှင့် ရခိုင်ပြည်နယ်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ထံသို့ လက်နက် သို့မဟုတ် လက်နက်မပါဘဲ ဝင်ရောက်လာကြသူများ ရှိသကဲ့သို့ ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်းရှိကြောင်း၊ စုစုပေါင်း ၁၅၀ ကျော်ရှိခဲ့ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းကာ အချို့ကို သွားလိုရာနေရာသို့ အန္တရာယ်ကင်းစွာ ပို့ဆောင်ထားပြီးဖြစ်သည်ဟု AAက ဆိုသည်။

စက်တင်ဘာ ၂၃ရက် ညပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃စီးဖြင့် နာရီဝက်ကြာ ဗုံးကြဲတိုက်ခိုက်လာရာ မောင်တောမြို့နယ် လက်ပံတောင်ကြောပေါ်ရှိ အကျဉ်းထောင် ၂ခုအားထိမှန် ကာ အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့်တပ်ဖွဲဝင်နှင့်အခြားသောအကျဉ်း သားအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သော နယ်ခြားစောင့်ရဲတချို့နှင့် စစ်ကောင်စီတပ်ဖွဲဝင်တချို့ကို ဆေးကုသမှုပေးထားသော်လည်း ဆေးဝါးအခက်အခဲတချို့ကြောင့်တချို့မှာ သေဆုံးသွားပြီးတချို့မှာ ဒဏ်ရာပြင်းထန် ၍ ဆက်လက် အသက်ရှင်ရန် မျှော်လင့်ချက်နည်းနေကြောင်း၊ ဒဏ်ရာရ စစ်ကောင်စီတပ်သားများ အသက်ရှင်ရေးအတွက် မိခင်အဖွဲ့အစည်းမှ တာဝန်ရှိသူများထံသို့ ပြင်းထန်လူနာများ အမြန်ဆုံး လာယူရန် အသိပေးထားသော်လည်း ၅ရက်ကြာသည်အထိ ဆက်သွယ်လာခြင်းမရှိသေးကြောင်း AAက ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာ ပြင်းထန်သူ တစ်ဦးလည်း သေဆုံးသွားကြောင်း အသိပေးထားသည်။

“စစ်ကောင်စီတပ်သည်တပ်ဖွဲ့ဝင် စိတ် ဓါတ်၊ ရဲဘော်ရဲဘက်စိတ်ဓါတ် ကင်းမဲ့စွာဖြင့် လျစ် လျူရှုထားဆဲဖြစ်သည်”ဟု AAက ထုတ်ပြန်သည်။

ထိုကြောင့် မြန်မာ့တပ်မတော်သားများအနေဖြင့် ၎င်းတို့ အသက်စွန့်၍ တာဝန်ထမ်းဆောင်ခဲ့ကြပါသော်လည်း ဒဏ်ရာရလျက် အသက် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်တွင် မိခင်အဖွဲ့အစည်းမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ် ရဲဘော် ရဲဘက်စိတ် ကင်းမဲ့စွာ စွန့်ပစ်သည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီမှ ၎င်းတို့တပ်ဖွဲ့ဝင်များအပေါ်ထားသော သဘော ထားအမှန်ပင်ဖြစ်ကြောင်း ဖော်ပြကာ ဒဏ်ရာရ စစ်အကျဉ်းသားတစ်ဦး၏ ဖြေကြားချက်ရုပ်သံဖိုင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

စစ်တပ်တွင် ၁၅နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် တပ်သားမြင့်ဆွေက စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ၎င်း ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားသည်။

“ကျွန်တော့်သူငယ်ချင်း တပ်သား စိုးကျော်စွာဟာ အူတွေထွက် ခြေထောက်တွေပြတ် တစ်ခါတည်း သေဆုံးသွားပါတယ်ခင်ဗျ။ ကျွန်တော်တို့လည်း ဒဏ်ရာရခဲ့ပါတယ်ခင်ဗျ” ဟု တပ်သားမြင့်ဆွေက ပြောသည်။

ဒဏ်ရာရလူနာများကို လာခေါ်ရန် AAက အကြောင်းကြားသော်လည်း လာမခေါ်သည့်လုပ်ရပ်သည် တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြန်မာ့တပ်မတော်ဘက်က ကျွန်တော်တို့ ကို ဘာဖြစ်လို့ လက်မခံရတာလဲခင်ဗျာ”ဟု တပ်သား မြင့်ဆွေက ပြောကြားပြီး ၎င်းအနေဖြင့် တပ်ထဲ၌ တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၅နှစ် ခန့်ရှိပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြောင်း ပြောပြသည်။

“အထက်က လူကြီးတွေကို ကျွန်တော်တို့ကို ဆေးကုသခွင့်ပေးပါလို့ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ”ဟုလည်း ၎င်းက တောင်းဆိုသည်။

စစ်ကောင်စီတပ်ထဲ၌ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဆရာကြီးများအနေဖြင့်လည်း စစ်ကောင်စီတပ်၏ မိမိရဲဘော်ရဲဘက်များအပေါ် တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် အခြေအနေအား သံဝေဂယူရန် တပ်သားမြင့်ဆွေက ပြောသည်။

“နောက်ပြီးတော့ ဆရာကြီးတို့ကို မှာချင်တာက မြန်မာနိုင်ငံက လူတွေရဲ့ ပြည်သူလူထုရဲ့ လိုချင်တဲ့ အမှတ်တရားတစ်ခုကို စဉ်းစားသင့်ပြီလို့ ကျွန်တော်ပြောချင်ပါတယ်”ဟု တပ်သားမြင့်ဆွေက ပြောသည်။

AAက ဆေးကုသပေး၍ ပြန်လည်ကောင်းမွန်လာပါက အိမ်သို့ပြန်လာမည်ဟုလည်း တပ်သားမြင့်ဆွေက ၎င်း၏ မိသားစုဝင်များကို ပြောကြားသည်။

လက်ရှိတွင်အဆိုပါဒဏ်ရာရ နယ်ခြားစောင့်ရဲတချို့ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အသက်ဆက်လက်ရှင်သန်ရေးအတွက် AAမှ ၎င်းတို့ထံ ရှိသည့် ဆေးဝါးများဖြင့် အကောင်းဆုံး ကြိုးစား ဆေးကုပေးနေသည်ဟုလည်း ထုတ်ပြန်သည်။

တာဝန်ခံမှု၊တာဝန်ယူမှုမရှိသောစစ်ကောင်စီတပ်(မြန်မာ့တပ်မတော်)ထဲတွင် ဆက်လက်တာဝန် ထမ်းဆောင်လိုစိတ်မရှိသော မြန်မာ့တပ်မတော် သားများအနေဖြင့်လည်း မိမိတို့နှင့်အနီးဆုံးနေရာသို့ အမြန်ဆုံးဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီက သံမိုးတောင်ရွာအား လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိသည်ဟု သိရကြောင်း ထုတ်ပြန်သည်။

သတင်း

အိမ်ခြေ ၁၃၀ကျော်ရှိ ခဝါသည်ရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ရာ နေအိမ် ၉၅ လုံး ပျက်စီးခဲ့ရကြောင်း အသိပေးထားသည်။ မီးလောင်မှုကြောင့် စားနပ်ရိက္ခာများ၊ အဝတ်အထည်နှင့် အိမ်အသုံးအဆောင်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီသည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်း သယ်ယူလာပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တားဆီးနိုင်ရန် ကြိုးစားနေသည်။

သတင်း

ပုလောမြို့၊ ကဒဲကျေးရွာအနီးတွင်နိုဝင်ဘာ ၂၅ ရက်နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။