Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး (၆)လအတွင်း မစ်ရှင် ၂၀၀ကျော်ဆောင်ရွက်ထား

လတ်တလောတွင်လည်း NUG အစိုးရ၏ တစ်နှစ်တာစီမံချက်အတွင်း မြို့ပြတော်လှန်ရေးအဖွဲ့များ စနစ်တကျလိုက်ပါဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး တစ်နှစ်အတွင်း တော်လှန်ရေးအဖြေထွက်နိုင်ရန် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ အရေးအကြီးဆုံးဖြစ်ကြောင်း အသိပေးသည်။

နန်းထိုက်အောင်စစ်ဆင်ရေး
နန်းထိုက်အောင်

▪️ရန်သူ့တပ်သားနှင့် ၎င်း၏ထောက်တိုင် ၂၂၇ဦးသေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာရဟုဆို

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအဖြစ် (၆)လ အတွင်း မစ်ရှင်ပေါင်း ၂၀၀ကျော် ဆောင်ရွက်ထားရာ ရန်သူ့တပ်သားနှင့် ၎င်း၏ထောက်တိုင် ၂၂၇ဦးသေဆုံးပြီး ၂၀၀ကျော် ဒဏ်ရာရထားကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ဆင်ရေးကာလ ၆လအတွင်း စစ်ရေးပစ်မှတ် (၁၇၃) ကြိမ်၊ အုပ်ချုပ်ရေးပစ်မှတ် (၃၆) ကြိမ်၊ စီးပွားရေးပစ် မှတ်ရှစ်ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးများကို အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၊ စစ်ဆင်ရေးဌာန၏ ကြီးကြပ်စီမံမှုဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့များ ဦးဆောင်ကာ PDF၊ ပကဖ၊ STF ၊ SOF ၊ မြို့ပြပြောက်ကျားအဖွဲ့များနှင့် UG အဖွဲ့များက တော်လှန်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့က သတင်းလုံခြုံရေးကို အထူးအလေးထားပြီး ဆောင်ရွက်ပါတယ်။ တစ်ချို့မစ်ရှင် တွေကို သတင်းထုတ်ပြန်မှု တစုံတရာမလုပ်ပါဘူး။ ရန်သူဘက်က ထိခိုက်သေဆုံးတွေရှိသလို ကျွန်တော်တို့ မြို့ပြတော်လှန်ရေးရဲဘော်တွေ ဘက်မှာလည်း ထိခိုက်ကျဆုံးတာ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေရှိပါတယ်။ ဒါဟာ တော်လှန်ရေးဖြစ်လို့ ဒီလောက်တော့ ရှိမှာပါပဲ။ နန်းထိုက်အောင်စစ်ဆင်ရေးဟာ ပျံလွှားအောင်စစ်ဆင်ရေးတုန်းကလို လူထုကို ပိုပြီး စိတ်ဝင်စားမှု မပေးနိုင်ခဲ့တာဟာ ကျွန်တော်တို့ရဲဘော်တွေရဲ့ လုံခြုံရေးနှင့် အဓိက ပြောက်ကျားစစ်မဟာဗျူဟာကို ယခင်ကထက်ပိုပြီး ပိပိရိရိလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ထားလို့ဖြစ်ပါတယ်”ဟု တောင်ပိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ဒေသအလိုက် စစ်ဆင်ရေးများအနက် ရန်ကုန်တိုင်းတွင် မစ်ရှင် (၁၃၇)ကြိမ် ပြုလုပ်ခဲ့ရာ ရန်သူ့ဘက်မှ (၁၄၀) ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး (၁၂၅) ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အလားတူ ပဲခူတိုင်းရှိ မစ်ရှင်(၁၂)ကြိမ်တွင် ရန်သူ့ဘက်မှ ထိခိုက်ဒဏ်ရာရသူရှစ်ဦးနှင့် သေဆုံးကိုးဦး၊ ဧရာဝတီ တိုင်းရှိ မစ်ရှင် (၁၄)ကြိမ်တွင် ထိခိုက်ဒဏ်ရာရသူ (၁၃) ဦးနှင့် သေဆုံး​သူခြောက်ဦး၊ တနင်္သာရီတိုင်းရှိ မစ်ရှင် (၂၄)ကြိမ်တွင် ထိခိုက်ဒဏ်ရာရသူ (၄၈)ဦးနှင့် သေဆုံးသူ (၅၅)ဦးရှိကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသစာရင်းများအရ သိရသည်။

ထို့အပြင် မွန်ပြည်နယ်အတွင်း မစ်ရှင် (၃၃)ကြိမ်တွင် ထိ ခိုက်ဒဏ်ရာရသူ (၁၄)ဦးနှင့် သေဆုံးသူ (၃၁)ဦး ရှိသည်ဟု ဖော်ပြသည်။

“မီဒီယာပေါ်ကနေ ဝုန်းဒိုင်းကြဲပြီး ဘယ်နေရာမှာ ဘာ လုပ်လိုက်ပြီ။ ဘယ်လိုတိုက်ခိုက်လိုက်ပြီဆိုတာတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး သတိထားပြီး ကိုင်တွယ်ပါတယ်။ တောင်ပိုင်းစစ်ဒေသနယ်မြေတွေဖြစ်တဲ့ တနင်္သာ ရီလို မွန်လို ပဲခူးလိုနေရာတွေမှာက တိုင်းရင်းသားလက် နက်ကိုင်တော် လှန်ရေးအဖွဲ့တွေရှိနေတဲ့အတွက် လုပ်ကိုင်ရတာ ပုံစံတစ်မျိုးဖြစ်ပြီး ဧရာဝတီလို ရန်ကုန်လို နေရာဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေမရှိတဲ့အတွက် လုပ်ပုံကိုင်ပုံတစ်မျိုးဖြစ်ပါတယ်”ဟု တောင်းပိုင်းတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလောတွင်လည်း NUG အစိုးရ၏ တစ်နှစ်တာစီမံချက်အတွင်း မြို့ပြတော်လှန်ရေးအဖွဲ့များ စနစ်တကျလိုက်ပါဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး တစ်နှစ်အတွင်း တော်လှန်ရေးအဖြေထွက်နိုင်ရန် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ အရေးအကြီးဆုံးဖြစ်ကြောင်း အသိပေးသည်။

သို့သော် မြို့ပြလှုပ်ရှားမှုများတွင် ပြည်သူများပါဝင်မှု၊ ကူညီမှု၊ ထောက်ပံ့မှုများသည် အခရာကျပြီးတော်လှန်ရေးကာလ (၂)နှစ်ပြည့်ခါနီး ရလာသည့် သင်ခန်းစာများကို အကောင်းဆုံးအသုံးချပြီး ရှေ့ဆက်ရမည့် အပြီးသတ်တော်လှန်ရေးပန်းတိုင်ကို ပြတ်ပြတ်သားသား ချီတက်ကြရမည်ဖြစ်သည်ဟု ဆိုသည်။

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးကို တစ်နေ့ထက်တစ်နေ့ပိုပြီး အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် ကိုလည်း မြို့ပြတာဝန် ရှိသူများအားလုံးသဘောတူထားပြီးဖြစ်သလို လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ထောက်ပို့မှုများကို MOD ဘက်မှ အချိန်နှင့်တပြေးညီ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန်လည်း တင်ပြထားပြီးဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသမှ တာဝန်ရှိသူက ရှင်းပြသည်။

“နန်းထိုက်အောင်ဟာ မြို့ပြစစ်ဆင်ရေးဖြစ်သည့်အတွက် ကျေးလက်စစ်ဆင်ရေးများလို မဟုတ်ပါဘူး။ အထူး သ ဖြင့် ရန်ကုန်လို့ မြို့ကြီးတွေမှာ လုပ်ကိုင်ဆောင်ရွက်ရတာဟာ ပိုပြီး ခက်ခဲပါတယ်။ အပြောလွယ်သလောက် လက်တွေ့မှာ လိုက်ပါ ဆောင်ရွက်ရတာ အသက်တွေ ဘဝတွေနှင့် ရင်းပြီး လုပ်နေရတာမို့ တစ်ချက်ကလေးမှ သတိလက်လွတ်ဖြစ်လို့ မရပါဘူး။ ဒါကြောင့် မြို့ပြဟာ ပြောက်ကျားစစ်မဟာဗျူဟာနှင့်အညီ အမှည့်ခြွေစစ်ဆင်ရေး၊ အလစ်အငိုက်စစ်ဆင်ရေး တွေကို အားပြုရပါတယ်။ နေရာအနှံ့မှာရှိနေသည့် မြို့ပြပြောက်ကျားရဲဘော်တွေဟာ အမြဲတန်း အသင့်အနေအထားမှာ ရှိနေပြီး NUG / MOD ၏ ညွှန်ကြားချက်အတိုင်း ခုခံတော်လှန်စစ်ကနေ တိုက်စစ်ကို အရှိန်မြှင့်သည့်အခါ ကျေးလက်- မြို့ပြ တစ်သားတည်းဖြစ်နေအောင် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ကိုင်းဖျားကိုင်းနားတွေကို ချိုင်ရမှာဖြစ်သလို ပင်စည်ကိုပါခုတ်လှဲနိုင်အောင် ကျွန်တော်တို့ အချိန်ယူပြင်ဆင်ထားတာတွေရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဘက်မရပ်တည်သည့် မည်သည့်ပုဂ္ဂိုလ်မျိုးကိုမဆို နန်းထိုက်အောင်မှ အကြမ်းဖက်စစ် ကောင်စီထောက်တိုင်များအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ယခုတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်ကာ ပြည်သူနဲ့ အကြမ်းဖက်စစ်ကောင်စီ ထိပ်တိုက်ရင်ဆိုင်နေသည့် တော်လှန်ရေးဖြစ်ကြောင်း အသိပေးသည်။

ထို့ကြောင့် ပြည်သူမှာ အများစုဖြစ်ပြီး အများစုရှိသည့်ဘက်က အားသာမလား၊ အနည်းစု လေးသာရှိတော့သည့် အကြမ်းဖက်စစ်ကောင်စီ ဘက်က အားသာမလားဆိုသည်မှာ မူကြိုကလေးကို မေးရင်တောင် အဖြေသိနိုင်သောကြောင့် ပြည်သူ့တော်လှန်ရေးမုချအောင်ပွဲခံရမည်ဆိုသည့် စိတ်ကိုမွေးကာ အဆုံးထိတိုက်သွားကြရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

သတင်း

ရှမ်းမြောက်၌ တိုက်ပွဲဝင်နေသည့် ညီနောင်သုံးဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့သည် ရက္ခိုင်ဒေသအပါအဝင် နေရာအချို့၌ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည့် အခြေအနေကို အထက်ပါအတိုင်း အသိပေးခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ ၆ရက် နေ့လယ်ပိုင်းက ရေမျက်နီကျေးရွာ၏ အရှေ့မြောက်ဘက်တွင် ရက္ခိုင့်တပ်တော်၊ လှုပ်ရှားစစ်ကြောင်း နှင့် စစ်ကောင်စီတို့ သုံးနာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းဖော်ပြပြီး အသေးစိတ်အခြေအနေများကို ဖော်ပြထားခြင်းမရှိပေ။