Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၂၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြန်မာပြည်သူလူထု ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ အချိန်တန်ပြီလို့ အာဆီယံကို NUG ပြော

အာဆီယံဟာ မြန်မာပြည်သူအားလုံးရဲ့ ကိုယ်စားလှယ်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အချိန်တန်ပြီလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ မြန်မာ့အရေးစည်းဝေးခဲ့တဲ့ အာဆီနိုင်ငံခြားရေးဝန်ကြီးတွေဆီကို NUG ကိုယ်စား ဝန်ကြီးဒေါ်ဇင်မာအောင်က စာရေးသားပေးပို့ခဲ့တာပါ။ မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ အတိဒုက္ခကို အသိအမှတ်ပြုဖို့ အာဆီယံဟာ ရှေ့ခရီးအတွက် အလေးအနက် တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (ERO)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုများမှ ကိုယ်စားလှယ်များ၊ ကြားဖြတ် ပြည်နယ်/ဖက်ဒရယ် ယူနစ်များကို ကိုယ်စားပြုတဲ့ ကော်မတီများနဲ့ အရပ်ဘက် အဖွဲ့အစည်းများမှ ပြည်သူ့ကိုယ်စားလှယ်များကို အစုအဖွဲ့ဆိုင်ရာဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။ NUG ဟာ အာဆီယံသဘောတူညီချက် (၅)​ရပ်ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့ပေမယ့် လပေါင်း ( ၂၀ ) ကြာမြင့်လာတဲ့ အထိ တိုးတက်မှု မရှိခဲ့လို့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ဖို့ လိုအပ်တယ်လို့ အာဆီယံကို တိုက်တွန်းပါတယ်။

▪︎ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ကျိုက်ဒုံနယ်မြေရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရခဲ့တယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

မနေ့ညပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ ဒေါနစစ်ကြောင်း တပ်ခွဲ(၁)ပူပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန်(၁၀)မိနစ်ခန့်ရှိခဲ့ကာသေနတ်(၁၃)လက်၊ မိုင်း၊ စိန်ပြောင်း၊ ဆက်သွယ်ရေးစက်၊ လက်ပစ်ဗုံး၊ ဗုံးသီးနှင့် ကျည်ဆံများစတဲ့ လက်နက်ခဲယမ်းများသိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ KIO/KIA နယ်မြေ အနန့်ပါဖြစ်စဉ်နဲ့တကွ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ရဲ့တရားမဲ့လုပ်ရပ်များအပေါ် တုံ့ပြန်တဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ဒေါနစစ်ကြောင်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို
ကျိုက်ဒုံနယ်မြေစခန်းကို KNLA ဝင်စီးနင်းပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းမိဟုဆို

▪︎ကွီလုံတိုင်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီနဲ့ BGF ၈ ဦး​သေ၊ ၃၂ဦး လက်နက်ချပြီး လက်နက် ၄၀​ကျော်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ကွီလုံတိုင် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၁၅ဦး နဲ့ နယ်ခြားစောင့်တပ်(BGF)မှ ၁၇ဦး စုစုပေါင်း ၃၂ဦး လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ ၄၃လက် သိမ်းဆည်းရရှိခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ - နဂါးနီစစ်ကြောင်း
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ၊ ဓာတ်ပုံ – နဂါးနီစစ်ကြောင်း

KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း၁၇၊ တပ်ရင်း ၂၇၊ Federal Win၊SOF၊PDF(နဂါးနီစစ်ကြောင်း)ပူးပေါင်းတပ်ဖွဲ့တွေဟာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ကွီလုံတိုင်စခန်းကို အောက်တိုဘာ ၂၂ရက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ အဲဒီ တပ်စခန်းကို အောက်တိုဘာ ၂၆ရက်မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ မြေပြင်သတင်းများအရ စစ်ကောင်စီဘက်မှ၄ယောက်၊BGFမှ၄ယောက်ကျဆုံးတယ်လို့ နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ စခန်းသိမ်းအပြီး မကြာခင်စစ်ကောင်စီဘက်မှ လေယာဉ်တွေနဲ့ အနီး ပတ်ဝန်းကျင်ရှိကျေးရွာတွေကိုဗုံးကြဲတိုတ်ခိုက်ခဲ့ပေမယ့် ကျေးရွာရှိပြည်သူများ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။

▪︎တော်လှန်ရေးအတွက် အညာကမိသားစု ကျောက်စိမ်းလှူဒါန်း

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက် 96 Soldiers-PDF (အညာဒေသတပ်ခွဲ)သို့ အညာဒေသရှိ မိသားစုတစ်စုက မိသားစုပိုင်ကျောက်စိမ်းများကိုလှူဒါန်းခဲ့ပါတယ်။ အညာဒေသမှ မိသားစုတစ်စုဟာ သူတို့ပိုင်ဆိုင်တဲ့ကျောက်စိမ်းအတွဲ ၃တွဲကို တော်လှန်ရေးအတွက်အသုံးပြုဖို့ လာရောက်ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ 96 Soldiers-PDF(အညာဒေသတပ်ခွဲ) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီကျောက်စိမ်းတွဲငယ်များကို တော်လှန်ရေးအတွက် လာရောက်ထည့်ဝင်သွားတဲ့ မိသားစုကို အထူးကျေးဇူးတင်ကြောင်းနဲ့ အဲဒီကျောက်စိမ်းများကို မကြာမီအချိန်တွင်တော်လှန်ရေး ရံပုံငွေအတွက်အသုံးပြုဖို့ မဲလက်မှတ်များ ရောင်းချသွားမယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎စစ်ကောင်စီ တပ်ရင်းသုံးခုမှ တပ်သားငါးဦး အလင်းဝင်လာတယ်လို့ ကြာအင်းဆိပ်ကြီး(ပအဖ) ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ငါးဦး ပြည်သူ့ဘက် အလင်းဝင်ရောက်လာတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရင်း ခမရ (၃၅၈)မှ တပ်သား ၃ဦး၊ ခမရ (၄၃၂)မှ တပ်သား တစ်ဦး၊ ခလရ (၂၈၄)မှ တပ်သားတစ်ဦးတို့ အလင်းဝင်လာတာဖြစ်ပါတယ်။ အဲဒီတပ်ဖွဲ့ဝင် ငါးဦးကို ကြာအင်းဆိပ်ကြီး ပအဖနဲ့ KNLA တပ်ရင်း (၁၇)တပ်ခွဲ – ၂ ၊ နဂါးနီစစ်ကြောင်းတို့က လက်ခံကြိုဆိုခဲ့ပြီး စားဝတ် နေ ရေးအတွက် ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ တပ်သားတွေနဲ့အတူ လက်နက်ခဲယမ်းများ တပါတည်းယူဆောင်လာခြင်းရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

▪︎မိုးမောက်မှာတိုက်ပွဲပြင်းထန် မြို့ခံအများစုဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ် မိုးမောက်မြို့မှာ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး မြို့ခံအများစုမှာ ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်ကစလို့ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။ မြို့ထဲမှာတင် စက်သေနတ်တွေနဲ့ ပစ်ခတ်နေပြီး စစ်တပ် ကလည်း လက်နက်ကြီးတွေနဲ့ တောက် လျှောက်ပစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်တိုက်ပွဲမှာ စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးမှာ ခါနန်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှပစ်ခတ်၍ ပြည်သူ့​နေအိမ်တစ်လုံးပျက်စီး​နေစဥ် ။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က​လေ​ကြောင်းမှပစ်ခတ်၍ ပြည်သူ့​နေအိမ်တစ်လုံးပျက်စီး​နေစဥ် ။ ဓါတ်ပုံ-CJ)

▪︎ရေနံချောင်း − ကျောက်ပန်းတောင်း လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံး၊ ၁၂ ဦးဒဏ်ရာရ

မကွေးတိုင်း ၊ချောက်မြို့နယ်အတွင်း ဒီနေ့မနက်အစောပိုင်း ယာဉ်တိုက်မှုဖြစ်ပြီး ၇ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။ ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။ ရေနံချောင်း − ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို ဒိုင်နာကားက နောက်ကနေ ဝင်တိုက်မိတာ လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ မီးသတ်က သတင်းထုတ်ထားပါတယ်။ ယာဉ်တိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည် ၁၉ ဦးအနက် အမျိုးသား ၃ ဦး ၊အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒဏ်ရာရသူတွေကို ချောက်မြို့နယ် ဆေးရုံ ပို့ထားတယ်လို့သိရပါတယ်။

▪︎ရေစကြိုနဲ့ မြိုင်နယ်အစပ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် မီးဝင်ရှို့နေ

မကွေးတိုင်း၊ ရေစကြိုနယ်နဲ့ မြိုင်နယ်အစပ်ရှိ စိုင်သေရွာနဲ့ သံပြာချောင်းကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေလို့ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၄ နာရီခန့်က စတင်ကာ စစ်ကောင်စီတပ်ဟာ ရေစကြိုမြို့နယ်၊ စိုင်သေရွာနဲ့ သံပြာချောင်းရွာတို့ကို ဝင်ရောက်ဖျက်ဆီးမီးရှို့နေခြင်းဖြစ်ပြီး စိုင်သေကျေးရွာမှာ ကျေးရွာရှိအိမ်​ခြေ သုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရတယ်လို့ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပခုက္ကူမြို့နယ် ရေစကြိုမြို့နယ် မြိုင်မြို့နယ် သုံးမြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

▪︎စဉ့်ကူးနယ် ရွှေလုပ်ကွက်မှာ ဖွင့်ထားတဲ့ လောင်းကစားဝိုင်းကို ခရိုင်(ပကဖ) ဝင်ရောက်ဖမ်းဆီးပြီး ကြိမ်ဒဏ်ပေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ ရွှေလုပ်ကွက်တစ်ခုမှာ စစ်ကောင်စီကို ငွေပေးပြီးဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေကို ဝင်ရောက်ဖမ်းဆီး ပြစ်ဒဏ်ပေးခဲ့တယ်လို့ ခရိုင် (ပကဖ)အဖွဲ့ဖြစ်တဲ့ ဗိုလ်လင်းယုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ လောင်းကစားဝိုင်းတွေဟာ စဉ့်ကူးမြို့နယ် မင်းပန်းတောင်ရွှေလုပ်ကွက်မှာ စစ်ကောင်စီကို တစ်လလျှင် တစ်ဝိုင်း ကျပ်သိန်း ၃၀ပေးပြီး ဖွင့်လှစ်ထားတာဖြစ်ပြီး လောင်းကစားပြုလုပ်နေသူတွေကို ဖမ်းဆီးကာ ကြိမ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လောင်းကစားဝိုင်းပစ္စည်းတွေကို မီးရှို့အပြစ်ပေးအရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ဥပဒေမဲ့လုပ်ငန်းများပိုမိုများပြားလာခဲ့ရာ စဥ့်ကူးနယ်ရှိ ရွှေလုပ်ကွက်အများအပြားမှာ လောင်းကစားဝိုင်းများ အများအပြားဖွင့်လှစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ