▪︎လိုင်ဇာမြို့အနီးဝေဟင်မှာ မနေ့ညက စစ်ကောင်စီတိုက်လေယာဥ်နှစ်စီးပျံဝဲ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီးဝေဟင်ပေါ်မှာ စစ်ကောင်စီတပ်က မနေ့ည ၁ နာရီကျော်မှာ ဂျက်တိုက်လေယာဥ်နှစ်စီး ပျံသန်းသွားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ နှစ်ခေါက်လောက်ဝဲပြီး ပြန်လှည့်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီတိုက်လေယာဥ်ဟာ ဒီနေ့မနက်အစောပိုင်းက ဗန်းမောက်အလွန်မှာ ဗုံးကြဲသွားတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအချက်အလက်များကို ပြည်သူများသိရှိဖို့ အချိန်နဲ့အမျှ ဖော်ပြပေးနေတဲ့ EAR( Enemy Air Route )က တံတားဦးလေတပ်မှ ဂျက်ဖိုက်တာသုံးစင်းဟာ မနေ့ည ၁၂ နာရီ ၂၆ မိနစ်နဲ့ ၁၂ နာရီ ၃၂ မိနစ်မှာ မြောက်ဘက်သို့ပျံသန်းသွားတယ်လို့ ဖော်ပြပါတယ်။ အဲဒီလေယာဥ်တွေဟာ နံနက် ၁ နာရီ ၄၆ မိနစ် ၊ ၁ နာရီ ၅၀ မိနစ်နဲ့ ၁ နာရီ ၅၄ မိနစ်တွင် တံတာဦးလေတပ်သို့ ပြန်လည်ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ တံတားဦးမှ လေယာဥ် ၃ စီးထွက်ပြီး လိုင်ဇာမြို့အနီး ၂ စီးပျံသန်းပြီး ကျန် ၁ စီးမှာ မည်သည့်ဘက်ပျံသန်းသည်ကိုမူ မသိရပေ။ ဒါ့အပြင် စစ်ကောင်စီရဲ့ ကင်းထောက်လေယာဥ်ဟုယူဆရတဲ့ လေယာဥ်တစ်စင်းဟာ မနေ့ နေ့ခင်းက လိုင်ဇာမြို့အနီး လာရောက်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎နယူးယောက် မြန်မာကျောင်းသားသပိတ်ကို ယူကရိန်းနဲ့ အီရန်တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပါဝင်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ Time Square မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ်ကို Global Myanmar Spring Revolution(GMSR) ရဲ့ အစီအစဉ်များအတိုင်း NYCBC အဖွဲ့ က ဦးဆောင်ပြီး ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆန္ဒပြသပိတ်ကို အမေရိကန်နိုင်ငံရောက် မြန်မာတွေနဲ့အတူ ယူကရိန်းနဲ့အီရန် နိုင်ငံတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေလည်း လာရောက်ပူးပေါင်း ပါဝင်အင်အားဖြည့်ခဲ့ကြပါတယ်။ အဲဒီကမ္ဘာလုံးဆိုင်ရာကျောင်းသားသပိတ်သို့ အမေရိကန်ရှိ တက္ကသိုလ်ကောလိပ်တွေမှာ လက်ရှိတက်ရောက် ပညာသင်ကြားနေကြတဲ့ Generation Z များ တက်ရောက်ကာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာကျောင်းသားငယ်များ ပညာသင်ကြားရင်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အသတ်ခံရမှု၊ ဖမ်းဆီးနှိပ်စက်ခံရမှုများကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ GMSR က ဖော်ပြပါတယ်။


▪︎စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာသူ ၁.၁ သန်းကျော်ရှိလာ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေရပ်စွန့်ခွာသူအရေအတွက်ဟာ ၁.၁ သန်းကျော်(၁၁၀၉၃၀၀)ရှိလာပြီး နိုင်ငံအတွင်းစုစုပေါင်းအရေအတွက်ဟာ ၁.၄ သန်းကျော်(၁၄၃၉၇၀၀)ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA)ရဲ့ စာရင်းဖော်ပြချက်အရ သိရပါတယ်။ ကုလသမဂ္ဂ OCHA ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ၆ သိန်းကျော်(၆၁၂၄၀၀)နဲ့ နေရပ်စွန့်ခွာမှုအများဆုံးဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတို့မှ လွဲလို့ ကျန်တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ဟာ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ နှိုင်းယှဥ်ရင် များစွာနည်းပါးနေတာကို တွေ့ရပါတယ်။

Public Service Announcement
▪︎အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်း ၃သောင်းကျပ်နဲ့ရောင်းဖို့ ရန်ကုန်ရွှေအသင်း စာထုတ်
ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်တွေအနေနဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၅ သိန်း ၃သောင်းကျပ် ဈေးနဲ့သာ ရောင်းချဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းစာထုတ်လိုက်ပါတယ်။ ပြင်ပပေါက်ဈေး တစ်ကျပ်သားကို ၂၆ သိန်းဝန်းကျင်ရှိနေချိန်မှာ ရွှေအသင်းက ခုလိုထုတ်ပြန်လာတာပါ။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းဟာ သူတို့ အသင်းရဲ့ဖေ့ဘွတ်ခ်မှာတော့ နေ့စဉ်ပေါက်ဈေး ၁၉ သိန်း ဝန်းကျင်သာရှိတယ်လို့ နေ့စဉ်ဖော်ပြပေမယ့် ဒီဈေးဟာ ဈေးကွက်မှာ အလုပ်မဖြစ်တဲ့ ဈေးသာဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဒေါ်လာဈေးနဲ့ ရွှေဈေးကို ထိန်းချုပ်ဖို့အတွက် ဒေါ်လာပေါက်ဈေးတင်နေတဲ့ လူမှုကွန်ရက်တွေကို အမှုဖွင့်တာရှိသလို ရွှေဆိုင်တွေကိုလည်း ပေါက်ဈေးမတင်ဖို့ ဖိအားပေးတာတွေရှိနေပါတယ်။

▪︎မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အန္တိမအဂ္ဂိစျာပန အခမ်းအနား မနက်ဖြန်ကျင်းပမယ်
စစ်အာဏာရှင်ကို ပြတ်သားစွာ ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့အတူရပ်တည်ခဲ့တဲ့ မြဝတီမင်းကြီးကျောင်းတိုက်ရဲ့ နာယကဆရာတော်ဘဒ္ဒန္တအရိယာဘိဝံသဟာ အောက်တိုဘာ ၂၇ရက်က ပျံလွန်တော်မူခဲ့ရာ မနက်ဖြန်(အောက်တိုဘာ ၃၁ရက်)မှာ အန္တိမအဂ္ဂိဈာပန အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။ ဆရာတော်ဟာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနဲ့ အတူ ရပ်တည်ခဲ့တာကြောင့် တိမ်းရှောင်နေစဉ် မြန်မာ-ထိုင်း နယ်စပ် မဲဆောက်မြို့မှာ နှလုံးသွေးကြောပိတ်ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့တာပါ။ ဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီမှာ ကျင်းပမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာ၀န်ရှိသူများနဲ့ နွေဦးတော်လှန်ရေး အင်အားစုများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ စျာပနကျင်းပရေးကော်မတီနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော်(၇၁)နှစ်၊ သိက္ခာတော် (၅၁)ဝါ ရှိပြီဖြစ်ပါတယ်။ ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မနေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဆရာတော်အရှင်သူမြတ် မြင့်မြတ်သောဘုံဘဝသို့ရောက်ရှိပါစေကြောင်း လေးလေးနက်နက် ဆုမွန်တောင်းထားပြီး ဆရာတော်အရှင်မြတ်ရဲ့ လမ်းညွှန်းဆုံးမမှုများ၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို လေးစားဦးညွတ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
▪︎ရေစကြိုနယ် ရွာလေးရွာကို စစ်ကောင်စီတပ်က တစ်ရက်တည်းမီးရှို့ရာ အိမ်ခြေ ၂၃၀ကျော် မီးလောင် ပျက်စီး
မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ကျေးရွာလေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူလူထုနေအိမ် ၂၃၀ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ မနက်ပိုင်းကစလို့ ကျေးရွာတွေကို မီးရှို့ခဲ့ရာ ရေစကြိုမြို့နယ် မြေမလှရွာမှ အိမ် ၅၃လုံး၊ စိုင် သေရွာမှအိမ် ၄၂လုံး၊ သံပြာချောင်းရွာမှအိမ် ၇၅ လုံး၊ ခံစပ်တောရွာမှ အိမ် ၆၃လုံး စုစုပေါင်း နေအိမ် ၂၃၃လုံး မီးလောင်ပျက်စီးခဲ့ရ တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကို မီးလာရှို့တဲ့ စစ်ကြောင်းဟာ အင်အား ၈၀ ကျော်ပါဝင်ပြီး ရေစကြိုမြို့နယ် အခြေစိုက် ခလရ(၂၅၆)၊ ခလရ(၂၅၇)နဲ့ ခလရ (၂၅၈)တပ်ရင်းတွေကနေ ထွက်လာတာလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။ မီးဘေးသင့် ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ ရဲဘော်ဝေကြီးက ပြည်သူလူထုကို မေတ္တာရပ်ခံထားပါတယ်။


▪︎မြို့သာ KTV မှာ ဇိမ်ခံနေတဲ့ ရဲတွေကို ဝင်ရောက်တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၉ ဦးခန့်သေဟုဆို
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီးရှိ KTVသို့ လာရောက်အပန်းဖြေနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲ၉ဦးခန့်သေဆုံးခဲ့တယ်လို့ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ညနေပိုင်းက ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်တစ်နေရာမှာ ဖွင့်လှစ်ထားတဲ့ “ဝါဆိုဦး”KTV မှာ စစ်ကောင်စီအုပ်စုဝင်များ လာရောက်ဝိုင်းဖွဲ့စားသောက်နေချိန် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ KTV ဝန်ထမ်းများကို အထိအခိုက်မရှိအောင်ဆောင်ရွက်ခဲ့ပြီး ငါန်းမြာကြီး ဒုရဲအုပ်ရာဇာဝင်းမြင့် အပါအဝင် ရဲတပ်ဖွဲ့ဝင် (၉) ဦးသေဆုံးခဲ့တယ်လို့ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေး အထူးပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ လျက်ဆားပုလင်းဗုံးနဲ့အတူ သေနတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

▪︎လင်းဇင်းတိုက်နယ်ရဲစခန်းမှူး အိပ်ဆောင်တွင်းသို့ ဝင်ရောက် ဗုံးထောင်
မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းဝင်းအတွင်းရှိ စခန်းမှူးအိပ်ဆောင်တွင်းသို့ ဝင်ရောက်ကာ ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း(LDF)တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ ဒီနေ့ မနက် အစောပိုင်းမှာ ပုသိမ်-မုံရွာကားလမ်းအနီးရှိ လင်းဇင်းတိုက်နယ် နယ်မြေခံရဲစခန်းဝင်းအတွင်း စခန်းမှူးအိပ်ဆောင်တွင်းသို့ ဝင်ရောက်ဗုံးထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း ၊ စလင်းတပ်ခွဲ ရဲဘော်တွေက အဝေးထိန်း ရီမုမိုင်းနှစ်လုံးကို ရဲစခန်းဝင်းအတွင်း အိပ်ဆောင်ပေါ်အထိသွားရောက်တပ်ဆင်ကာ အဝေးမှ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ ထိခိုက်သေဆုံးမှု နောက်ဆက်တွဲအခြေအနေတွေကို စုံစမ်းဆဲဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


















































