▪︎နိုင်ငံတော်သစ်တည်ဆောက်ရာမှာ စစ်ရေး၊ နိုင်ငံရေးပြုပြင်စရာများရှိလာမယ်လို့ ယာယီသမ္မတပြော
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်ပြည့်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ABSDF အနေနဲ့ တော်လှန်သော မျိုးဆက်သစ်များရဲ့ ရှေ့ဆောင်လမ်းပြများအဖြစ် မြန်မာ့နွေဦးတော်လှန်ရေးမှာ ဆက်လက်ကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အနာဂတ်နိုင်ငံတော်သစ်ဟာ စစ်အာဏာရှင်အစုအဖွဲ့ဟောင်းကို ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားနိုင်ပြီး ဒီမိုကရက်တစ်အသစ်တွေကို အစုအဖွဲ့အသစ် ခိုင်ခိုင်မာမာ အာမခံချက်ရှိရှိနဲ့ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ စစ်ရေးအရ နဲ့ နိုင်ငံရေးအရ တော်လှန်ပြုပြင်စရာတွေရှိလာလိမ့်မယ်လို့ ဆက်ပြောပါတယ်။

▪︎မန္တလေးမှာစစ်ကောင်စီရဲအချုပ်ကားခေါင်းထဲ ဗုံးပစ်တိုက်ခိုက်
မန္တလေးမြို့၊ (၇၈)လမ်းနှင့် (၄၂) ခုံးကျော်တံတားအနီး မီးပွိုင့်မှာ ဒီကနေ့(နိုဝင်ဘာ ၁) နံနက် ၉ နာရီခွဲက ရဲအချုပ်ကားခေါင်းခန်းထဲကို လက်ပစ်ဗုံးပစ်သွင်း၍ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎စစ်ကောင်စီကို စိတ်ပိုင်း၊ရုပ်ပိုင်းအထိနာစေရေး နည်းမျိုးစုံနဲ့ တုံ့ပြန်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း
ဓမ္မဘက်တော်သားများကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနိပ်စက်နေတဲ့ စစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ တုံ့ပြန်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ အစိုးရအဖွဲ့အဝေးမှာ တိုက်တွန်းလိုက်ပါတယ်။ တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ စစ်ကောင်စီတပ်က ရင်းမြစ်အားလုံးကို အသုံးပြုပြီး တော်လှန်ရေးအင်အားစုများကို ဒုက္ခပေးနိုင်ဖို့ တစ်ခုပြီးတစ်ခု စီစဥ်နေမှာကို အထူးသတိပြုရမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ နောက်ပြီး တော်လှန်ရေး အင်အားစုများအကြား လိုအပ်ရင်လိုအပ်သလို ပိုမို ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်အောင် ဝိုင်းဝန်းကြိုးစားပေးကြဖို့ အစိုးရအဖွဲ့ဝန်ကြီးတွေကို မှာကြားပါတယ်။

Public Service Announcement
▪︎စစ်တပ်ရဲ့ ဒဏ်ခတ်ခြင်းမခံရတဲ့ အစဥ်အလာကို အပြီးတိုင်အဆုံးသတ်ပေးဖို့ ICC ကို မြန်မာသံအမတ်ကြီး ကုလစင်မြင့်မှ တောင်းဆို
နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)ဟာ စစ်တပ်ရဲ့ ဒဏ်ခတ်ခြင်းမခံရတဲ့အစဥ်အလာကို အပြီးတိုင်အဆုံးသတ်ပေးဖို့နဲ့ နစ်နာသူများအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့ မြန်မာပြည်သူတွေရဲ့ အသံများကို နားထောင်ပေးစေလိုတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံမှတဆင့် မနေ့က တောင်းဆိုလိုက်ပါတယ်။ ICC ဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)မှ စုဆောင်းရရှိထားတဲ့ သက်သေအထောက်အထားများကို အသုံးပြုက ထိရောက်မှုရှိတဲ့ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ရမယ့် အချိန်တန်ပြီလို့ သံအမတ်ကြီးက သတိပေးပါတယ်။ မြန်မာစစ်တပ်က သမိုင်းတစ်လျှောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ လက်ရှိကျူးလွန်ဆဲ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာအနေနဲ့ တာဝန်ယူဆောင်ရွက်ပေးနိုင်ဖို့ မြန်မာပြည်သူတွေက မျှော်လင့်နေတယ်လို့ သတင်းစကားပါးခဲ့ပါတယ်။ IIMM နဲ့ နိုင်ငံတကာဥပဒေပညာရှင်တွေရဲ့ သုံးသပ်ချက်များအရ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်တပ်မှ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် လုံလောက်တဲ့ သက်သေအထောက်အထားများရှိနေပြီလို့ အစီရင်ခံခဲ့ပါတယ်။

▪︎NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ PRA Magwayတို့ စစ်ရေးပူးပေါင်းဆောင်ရွက်မယ်
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA Magway)တို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ရာမှာ ပါဝင်ကူညီဖို့ သဘောတူညီခဲ့တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway)အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)မှ ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကို လေးစားလိုက်နာကာ အမိန့်ပေးကွပ်ကဲမှုကွင်းဆက် (Chain of Command)မှာ ပါဝင်ဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒေသတွင်းစစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေ သဘောတူညီခဲ့ကြတာပါ။ PRA Magway ကလည်း သူတို့ရဲ့ ရပ်တည်ချက်၊ ဖွဲ့စည်းပုံတွေကို မူလအတိုင်း လုပ်ငန်းစဉ်မပျက် ဆောင်ရွက်နိုင်ပြီး စစ်ဆင်ရေးကိစ္စတွေကို အတူလက်တွဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

▪︎အာဏာသက်ဆိုးရှည်ရေးကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ပျက်အောင် လက်တွဲလုပ်ဆောင်ဖို့ KIO တိုက်တွန်း
အာဏာသက်ဆိုးရှည်ရေး ရည်ရွယ်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်များ ပျက်သွားစေရေးအတွက် ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ဒီနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့သို့ သဝဏ်လွှာပေးပို့ပါတယ်။ ဒီနေ့အချိန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အောင်မြင်စွာ အကောင်အထည်ဖော်သွားဖို့ မြန်မာနိုင်ငံသားအားလုံး ကျရာအခန်းကဏ္ဍမှာ အင်တိုက်အားတိုက် ပါဝင်ကြိုးပမ်းနေတဲ့ နိုင်ငံရေးအကူးအပြောင်းကာလ အချိန်အခါကောင်းဖြစ်တယ်လို့ KIOက ဆိုပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်ဟာ အာဏာသက်ဆိုးရှည်ဖို့ ရည်ရွယ်ကာ အရပ်သားပြည်သူများကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူသားမဆန်စွာ မီးရှို့သတ်ဖြတ်ခြင်း၊လူနေအိမ်များနဲ့ အရပ်သားများရဲ့ စားနပ်ရိက္ခာများကို မီးရှို့ဖျက်ဆီးခြင်း လုယက်ခြင်းစတဲ့ အဖျက်အမှောင့်အလုပ်ကို နိုင်ငံအနှံ့အပြားမှာ ကျူးလွန်နေတယ်လို့ KIO ရဲ့ သဝဏ်လွှာမှ ဖော်ပြပါတယ်။
▪︎စစ်အာဏာသိမ်းအပြီး ကရင်နီပြည်မှာ စစ်ကောင်စီတပ်သား ၁,၆၁၈ ဦး သေ၊ ကာကွယ်ရေးတပ်များမှ ရဲဘော် ၁၈၃ ဦး ကျဆုံးခဲ့ရ
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ် တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ၁,၆၁၈ ဦး အထိရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) က ဒီနေ့ ထုတ်ပြန်ပါတယ်။ အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာမျာ ကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်များမှ ရဲဘော် ၁၈၃ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲပေါင်း ၅၀၀ ကျော်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီဒေသသို့ လေကြောင်းမှ (၁၇၃)ကြိမ်ထက်မနည်း ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီနေ့အထိလည်း ကရင်နီပြည်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဟာ လွိုင်ကော်- မိုးဗြဲ လမ်းမကြီးကို ထိန်းချုပ်ဖို့ထိုးစစ်ဆင်နေတာလို့ ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

▪︎စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အခွန်ပေးဆောင်ကြဖို့ မြို့နယ်(ပအဖ) ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကြိုတင်ခွန်၊အခွန်အကောက်၊ဒဏ်ကြေးနဲ့လိုင်စင်ကြေးများကို ကြားကာလအခွန်ကောက်ခံရေးပေါင်းစပ်ညှိ နှိုင်းရေးအဖွဲ့သို့ ပေးဆောင်ကြဖို့ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ထုတ်ပြန်အသိပေးပါတယ်။ အဲဒီကြေညာချက်ဟာ စစ်ကိုင်းမြို့နယ်ကို ရေကြောင်း၊ကုန်းကြောင်းနဲ့ မီးရထားလမ်းအသုံးပြုကာ ဖြတ်သန်းသွားလာ အသုံးပြုကြမယ့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ စီးပွားရေးလုပ်ငန်းများအပေါ် ကောက်ခံတဲ့ ကြိုတင်ခွန်၊အခွန်အကောက်၊ ဒဏ်ကြေးနဲ့ လိုင်စင်ကြေးများကို ပေးဆောင်ကြဖို့နဲ့ ပေးဆောင်ရတဲ့ အခွန်အခများအတွက် ပြေစာ စာရွက်ပြန်လည်တောင်းခံကြဖို့လည်း အသိပေးပါတယ်။

▪︎မြင်းမူနယ် ထီးဆောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံးနိုင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၇)၊ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုကို ဒရုန်းနဲ့ ကင်းထောက်ခဲ့ပြီးနောက် စာသင်ကျောင်းနဲ့ ဘုရားကြားလမ်းသွယ်ထိပ်မှာ ဗုံးသီးနဲ့ ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကိုင်းခရိုင်(ပကဖ)ထုတ် ဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ကိုသက်ကြီးက ပြောပါတယ်။
▪︎စဥ့်ကူးမြို့နယ် နွယ်ရုံရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ရာ ရဲငါးဦးသေဟုဆို
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရှိ နယ်မြေရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချတိုက်ခိုက်ခဲ့ရာ ရဲငါးဦးသေဆုံးခဲ့တယ်လို့ D.U.G.F(KU Dragon) အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ နေ့ခင်းက စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရှိ နယ်မြေ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ရာ ရဲငါးဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးသွားတယ်လို့ သိရှိရကြောင်း ပြောပါတယ်။ ရဲစခန်းထဲမှ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ်တပ်ဖွဲ့များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


















































