▪︎လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့ ကာကွယ်နေထိုင်ခြင်းနည်းနာများ NUG ထုတ်ပြန်
လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ် ကြုံတွေ့ရချိန်မှာ ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့ ကာကွယ်နေထိုင်ခြင်းနည်းနာများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်အသိပေးပါတယ်။

လေကြောင်းတိုက်ခိုက်မှုခံရချိန်မှာ စိတ်ငြိမ်ငြိမ်ထားပြီး အနီးဆုံးအကာအကွယ်ကို ရှာရန်၊ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားရန် ၊ နေအိမ်အတွင်းရှိနေပါက ကြိုပြင်ထားတဲ့ အခန်းမှာ ဝင်နေရန်၊ အကာအကွယ်မရှိတဲ့နေရာမှာ ရှိနေပါက မြေနိမ့်သောနေရာကို ရှာဖွေကာ ဝပ်နေရန်၊ ဦးခေါင်းကို မထိခိုက်စေရန် လက်ဝါး(သို့မဟုတ်) အင်္ကျီနဲ့ အုပ်ရန်၊ ပေါက်ကွဲမှုကြောင့် နားစည်ကို မထိခိုက်စေရရေး နားကိုလုံအောင်ပိတ်ထားရန်၊ လွှင့်စင်တဲ့ အစအနများ မျက်လုံးသို့ မဝင်စေရေးမျက်စိကို မှိတ်ထားရန် အကြံပြုထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စက်လက်၊ စက်အမြောက်များနဲ့ ပစ်ခတ်ခြင်း စတဲ့ ပုံစံမျိုးစုံနဲ့ ပြည်သူလူထုကို တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

▪︎မြစ်ကြီးနား စုပေါင်းရုံးပေါက်ကွဲမှု လူထိခိုက်မှုရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီရဲ့ ပြည်နယ်စုပေါင်းရုံးမှာ မနေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ပြည်နယ်စုပေါင်းရုံးအတွင်း ဆမားဒူဝါဆင်ဝါးနောင် ခန်းမအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဖားကန့်မြို့နယ် အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရမှုအပြီးမှာ စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့ပေါ် သို့ ကင်းလှည့်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြစ်ကြီးနားမှာ ပေါက်ကွဲမှုတွေ ခပ်စိတ်စိတ်ဖြစ်လာပြီး အောက်တိုဘာ ၂၇ရက် မြစ်ကြီးနားမြို့ တပ်ကုန်းနှစ်ခြင်းဘုရားကျောင်းအနီး ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ UMG Myitkyina Branch ဘတ်ဟိုးရောင်းဝယ်ရေး ကုမ္ပဏီ ဝင်းအတွင်း မိုင်းပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
▪︎ရဲဘော်အချို့ဖမ်းဆီးခံရပေမယ့် ကျန်ရဲဘော်တွေနဲ့ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်မယ်လို့ IUF ကြေညာ
မြို့ပြပြောက်ကျားရဲဘော်အချို့ ဖမ်းဆီးခံလိုက်ရပေမယ့် ကျန်ရှိရဲဘော်တွေက ရန်ကုန်မြို့မှာ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြောက်ကျား စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်သွားမယ်လို့ Inya Urban Force (IUF)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မကြာသေးမီရက်ပိုင်းက ရန်ကုန်မြို့ရှိ IUF ရဲဘော်အချို့ ဖမ်းဆီးခံလိုက်ရပြီး အဆက်အသွယ်ပြတ်တောက်လျက်ရှိကာ ဖမ်းဆီးခံ ရဲဘော်အချို့ရဲဲ့အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ အဲဒီအဖွဲ့က ဖော်ပြပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ ဆက်လက်တော်လှန်သွားမယ်လို့ IUF က ကြေညာပါတယ်။ စစ်ကောင်စီက IUF အဖွဲ့သားတွေကို ဖမ်းဆီးရမိပြီလို့ ဒီနေ့ထုတ်သတင်းစာတွေကနေ ဝါဒဖြန့်ထားပါတယ်။ စစ်ကောင်စီထုတ်ပြန်ထားတဲ့ ၁၀ ဦးဟာ IUF ရဲ့ ရဲဘော်တွေ မဟုတ်ဘဲ အခြားမသက်ဆိုင် သူများကိုလည်း မှားယွင်းထည့်သွင်းထားတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။ IUF ကတော့ သူတို့ဆီကနေ သတင်းအချက်အလက်တချို့ ပေါက်ကြားခဲ့ပေမယ့် ဖမ်းဆီးခံရဲဘော်တွေနဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို အချိန်မီရွှေ့ပြောင်းနိုင်ခဲ့ကာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
▪︎မန္တလေး သံဃသမဂ္ဂဦးဆောင်ဆရာတော်နဲ့ သပိတ်အင်အားစုအဖွဲ့ဝင် လူငယ် ၄ ဦးဖမ်းခံရ
စစ်အာဏာရှင်ဆန့်ကျင်ရေး မန္တလေး သပိတ်အင်အားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ တက္ကသိုလ်ကျောင်းသား လူငယ် ၄ ဦးအဖမ်းခံရတယ်လို့ မန္တလေးသပိတ်အင်အားစုထံမှ သိရပါတယ်။ ဆန္ဒပြသပိတ်တွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ဟာ မနေ့က အဖမ်းခံလိုက်ရတာလို့ ဆိုပါတယ်။ သပိတ်တက်ကြွလှုပ်ရှားသူတွေကို စစ်အုပ်စုက ဖမ်းဆီးရာမှာ ကားနဲ့ တိုက်ဖမ်းတာ ၊ အကြမ်းဖက် ရိုက်နှက် ထိုးကြိတ်ဖမ်းဆီးတာတွေ့ ကျူးလွန်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုကထုတ်ပြန်ပါတယ်။ သပိတ်လူငယ် ၄ ဦးဖမ်းခံရတဲ့ ညနေပိုင်းမှာပဲ သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် ဦးကလျာဏလည်း တချိန်တည်း အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာတော် ဦးကလျာဏ နဲ့ သပိတ်တက်ကြွလှုပ်ရှားသူအားလုံးတို့ဟာ အသက်အရွယ်အားဖြင့် လူငယ်၊ လူလတ်ပိုင်းတွေဖြစ်ကြပြီး ကျန်းမာရေး အထူးကောင်းမွန်ကြသူတွေဖြစ်ကာ ဖမ်းခံရသူတွေရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ်ထိခိုက်ယိုယွင်းမှုဖြစ်ခဲ့ရင် အာဏာသိမ်းစစ်အုပ်စု တာဝန်ယူရမယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
▪︎မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူခြင်းအပေါ် NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
မန္တလေးမြို့ မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အောက်တိုဘာ ၂၇ရက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း ကြားသိရသည့်အတွက် များစွာစိတ်နှလုံးကြေကွဲ ယူကြုံးမရဖြစ်ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပို့ပါတယ်။ ဆရာတော်ဟာ သက်တော်ထင်ရှား ရှိစဉ်ကာလတစ်လျှောက်လုံး ဘာသာ၊ သာသနာတိုးတက်ပြန့်ပွားရေးအတွက် ကြိုးပမ်းခဲ့သည့်နည်းတူ ပြည်သူလူထု တစ်ရပ်လုံးကိုလည်း ဓမ္မ၊ အဓမ္မ ခွဲခြားသိမြင်စေလျှက် အဓမ္မကို တွန်းလှန်ကာ ဓမ္မနဲ့အညီသာ ကျင့်ကြံနေထိုင်စေရေးအတွက် လမ်းညွှန်မှုပြုခဲ့တယ်လို့ ဖော်ပြပါတယ်။ ဆရာတော် ကိုယ်တိုင်လည်း ဓမ္မနဲ့ အညီသာ ရပ်တည်ပြခဲ့ကာလောကီ၊ လောကုတ္တရာ နှစ်ဖြာအတွက် စံနမူနာပြု သာသနာ့အာဇာနည် တစ်ပါးဖြစ်တယ်လို့ ဆက်လက်ဖော်ပြပါတယ်။ ဆရာတော်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပြည်သူနဲ့အတူ ရပ်တည်ပါဝင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ တိမ်းရှောင်နေစဉ် နှလုံးသွေးကြောပိတ်ဝေဒနာနဲ့ ပျံလွန်တော်မူခဲ့တာပါ။

▪︎အင်းတော်မှာ လူငယ်တစ်ဦးကို ပကဖ သင်တန်းဆင်းဟုဆိုကာ စစ်ကောင်စီတပ် သတ်ဖြတ်
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ရွာသာယာကျေးရွာမှာ အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သင်တန်းဆင်းဖြစ်တယ်လို့ စွပ်စွဲကာ စစ်ကောင်စီတပ်က ရိုက်နှက်သတ်ဖြတ်သွားတယ်လို့ Indaw Revolutionက ဖော်ပြပါတယ်။စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၃၀ရက် မနက်ပိုင်းမှာ အင်အား ၁၀၀ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာသာယာရွာရှိ လူငယ်တစ်ဦးကို သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။ ရွာသာယာရွာ အထွက်မှာလည်း လူငယ်တစ်ဦးကို ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားပြီး အဲဒီလူငယ်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
▪︎ခင်ဦး PDF ရဲဘော်လေးဦး စစ်ဆင်ရေးပြင်ဆင်နေစဥ် တိုက်ခိုက်ခံရပြီး ကျဆုံး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ဆင်ရေးတစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ PDF ရဲဘော်လေးဦးကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက နှစ်ဖက်ပိတ်ပြီး တိုက်ခိုက်ခဲ့ရာ လေးဦးစလုံးကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာ၂၉ရက် ညနေပိုင်းမှာ စစ်ကောင်စီသတင်းပေး၊ လက်နက်ကိုင် စစ်ထွက်တစ်ဦးကို သွားရောက်ဖမ်းဆီးဖို့ ကြိုးစားနေစဥ်မှာ နှစ်ဖက်ပိတ်တိုက်ခိုက်ခံခဲ့ရတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။ စစ်ကောင်စီသတင်းပေးစစ်ပြန်က ခုခံခဲ့ပြီး ဒဏ်ရာတွေနဲ့ မြို့ထဲပြန်ဝင်လွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
▪︎’နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပေါင်းတည်နယ် အုပ်ကြီးရုံးတစ်ရုံးကို တိုက်ခိုက်
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပေါင်းတည်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF က ထုတ်ပြန်ပါတယ်။ ကြို့ပင်အုပ်စု ကြို့ပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မနေ့ညပိုင်းက ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ(၅) နွေဦးအဖွဲ့က ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပထမအကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကို စစ်ဆေးဖို့လာရောက်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဆိုင်ကယ်(၄)စီးနဲ့ ကားတစ်စီးကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဘက်က ထိသွားပေမယ့် ဒီနေ့မနက်အထိ အတိအကျ သတင်းမရသေးဘူးလို့ ပေါင်းတည်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
▪︎သောင်းချီတဲ့ ခင်ဦး စစ်ဘေးရှောင်များ စောင်နဲ့ အနွေးထည်များ လိုအပ်နေ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင်သောင်းချီရှိနေပြီး ရာသီဥတုအကူးအပြောင်းမှာ ဖျားနာမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေကြောင့် ခင်ဦးမြို့နယ်မှာ စစ်ဘေးရှောင် ကျေးရွာ (၁၅) ရွာခန့်ရှိပြီး လူဦးရေတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ရာသီဥတု အနည်းငယ်အေးလာလို့ စစ်ဘေးရှောင်အချို့ ဖျားနာကိုက်ခဲမှုဝေဒနာများ ခံစားနေရကာ အနွေးထည် ၊ စောင်များ လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု-KURDAF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ စစ်ဘေးရှောင်တွေကို KURDAF မဟာမိတ် အင်အားစု အဖွဲ့ဝင် KSO ဆေးတပ်သားတွေက နှစ်ပတ်တစ်ကြိမ် အခမဲ့ ဆေးကုသပေးနေတယ်လို့ သူက ဆိုပါတယ်။



















































