အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး စစ်ကောင်စီလက်နက်ကြီးကျည်ကြောင့် သေဆုံး
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲပြီး (၅)နှစ်အရွယ် ကလေးငယ် တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဒီနေ့ ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းအမှတ်(၁၀၂)က ရည်ရွယ်ချက်ရှိရှိ (၁၂၀)မမ နဲ့ (၉) ကြိမ်ထက်မနည်း ပစ်ခတ်ရာ မနေ့ ညနေပိုင်းက ဒီးမော့ဆိုမြို့နယ်၊အနောက်ဘက်ခြမ်း တစ်နေရာမှာ (၅) လုံးကျရောက်ပေါက်ကွဲခဲ့ ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် မိသားစုဝင် (၉)ဦး နေထိုင်တဲ့ နေအိမ်တစ်လုံးကို ထိမှန်ခဲ့ပြီး (၅)နှစ်သားအရွယ် ကလေးငယ်တစ်ဦး ပွဲချင်းသေဆုံးပြီးကျန်မိသားစုဝင် (၈)ဦးဒဏ်ရာ အသီးသီးရရှိကာ တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာနဲ့ အရေးပေါ်ဆေးကုသမှုခံယူနေရတယ် လို့ သိရပါတယ်။

သထုံမှာ သံချပ်ကာယာဉ်သုံးပြီး စစ်ကောင်စီတပ် စီးနင်းပစ်ခတ်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ် ဝင်းစိန်ကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းက သံချပ်ကာယာဉ်အသုံးပြုပြီး ဝင်ရောက်စီးနင်းပစ်ခတ်တယ်လို့ သတင်းရရှိကြောင်း တပ်မဟာ(၁)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မှူးတစ်ဦးက ပြောပါတယ်။

Public Service Announcement

စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့ပြီးနောက် မကျေနပ်မှုတွေကြောင့် အခုလို အရပ်သားပြည်သူများကို ပစ်မှတ်ထား ပစ်ခတ်ခြင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ သထုံမြို့နယ်ရှိစစ်ကောင်စီတပ်မှ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ နိုဝင်ဘာ ၁၀ရက် မနက်ပိုင်းက ဝင်းစိန်ကျေးရွာမှ ဒေသခံပြည်သူ တစ်ဦးကို သွားရောက်ဖမ်းဆီးပြီး အပြန်မှာ KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် သုံးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်လို့ ပုဏ္ဏားကျွန်း ဒေသခံသုံးဦး ထပ်မံသေဆုံး
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆောင်းတုံရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ အရပ်သား သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့ခင်းက စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ရွာကိုမီးရှို့ခြင်းပြုလုပ်ခဲ့ရာ ဒေသခံ ၉ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး အခြားကျေးရွာများမှ ပြည်သူများလည်း သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဧရာဝတီမြစ်အတွင်း ရေမြုပ်မိုင်းစမ်းသပ်စဥ် မတော်တဆပေါက်ကွဲကာ PDF ရဲဘော်သုံးဦးကျဆုံး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဧရာဝတီမြစ် အတွင်း ရေမြုပ်မိုင်းစမ်းသပ်စဥ် ပေါက်ကွဲခဲ့ရာ PDFရဲဘော် သုံးဦး ကျဆုံးခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်က ကောင်းကင်တော်လှန်ရေးအင်အားစုအဖွဲ့ဝင် ရဲဘော်ဖိုးသား၊ ဒေါင်းစစ်သည် (မတ္တရာ) အဖွဲ့ဝင် DMW၊ MGUFF အဖွဲ့ဝင် ဘရိတ်တို့ဟာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့ ဧရာဝတီမြစ်အတွင်း ရေမြုပ်မိုင်း စမ်းသပ်စဥ် မတော်တဆ ပေါက်ကွဲမှုဖြစ်ပွားပြီး သုံးဦးစလုံး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီကို နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ တော်လှန်နေတဲ့ ရဲဘော်တွေကို လေးစား ဂုဏ်ယူနေပြီး သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစုက ကတိပြုထုတ်ပြန်ပါတယ်။
တော်လှန်ရေးအတွက် ပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ကို ဇနီးမောင်နှံ စိန်နားကပ်လှူဒါန်း
စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာနေ ဇနီးမောင်နှံက တော်လှန်ရေးအတွက် မန္တလေးတိုင်းအခြေစိုက် ZERO ပြောက်ကျားတပ်ဖွဲ့ကို စိန်နားကပ်တစ်ရံ လှူဒါန်းပေးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

မနေ့က တိုက်ပွဲဝင်ခဲ့တဲ့ အနီးနားရွာနေ ဇနီးမောင်နှံနှစ်ဦးက ZERO ပြောက်ကျားတပ်ဖွဲ့ရဲ့ ကြိုးစားမှုကို လေးစားလို့ဆိုကာ ၂၀၁၃ က ပြုလုပ်ထားတဲ့ စိန်၁၆ပွင့်ပါ နားကပ်တစ်ရံကို လှူဒါန်းခဲ့တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။ ZERO ပြောက်ကျားတပ်ဖွဲ့ဟာ ရတနာပစ္စည်းလှုဒါန်းရရှိမှု သုံးကြိမ်ရှိပြီလို့ သိရပါတယ်။ ပထမဆုံးအကြိမ်မှာ မြင်းခြံမြို့မှ အမျိုးသမီးတစ်ဦးက ၂၂သိန်းတန် လက်ကောက်နှစ်ကွင်း၊ ဒုတိယအကြိမ်မှာ CDM ဆရာမတစ်ဦးက ပန်ထားတဲ့ နားကပ်ချွတ်လှူဖူးပြီး တစ်သိန်းရှစ်သောင်းရခဲ့တယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

ဆိုင်ရှင်ကို မတွေ့လို့ ဝန်ထမ်း ၂ ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊နွားထိုးကြီးမြို့နယ်ထဲမှာ စစ်အုပ်စုက လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို လာဖမ်းရာမှာ မတွေ့လို့ ဆိုင်ဝန်ထမ်း လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး သတ်ဖြတ်လိုက်ပါတယ်။ ဒီလိုဖမ်းဆီးသတ်ဖြတ်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့ ဖြစ်တယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောထားကြပါတယ်။ နိုဝင်ဘာလ ၁၂ ရက်က နွားထိုးကြီးမြို့ ၊ အမှတ် (၅) ရပ်ကွက် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုမျိုးကျော်ကို သွေးသောက်အမည်ခံအဖွဲ့က လာဖမ်းခဲ့ပါတယ်။ ဒါပေမယ့် ကိုမျိုးကျော်ကိုမတွေ့လို့ ဆိုင်က အသက် ၂၀ ဝန်းကျင် အဖျော်ဆရာ နဲ့အကြော်ဆရာ လူငယ် ၂ ဦးကို ဖမ်းခေါ်သွားပြီး မြို့အရှေ့ခြမ်းမှာ သတ်ဖြတ်ပြီးအလောင်းစွန့်ပစ်သွားပါတယ်။
စစ်ကိုင်းနယ် အုတ်ဖိုရွာရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ထု
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုများရှိခဲ့တယ်လို့ Bo Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၄ ရက်က စစ်ကိုင်းမြို့နယ်၊ ကျောင်းဖြူရွာရှိ နေအိမ် ခြောက်လုံးကိုမီးရှို့ပြီးနောက် ဧရာဝတီမြစ်ဘေး၊ မင်းကွန်းရှေးဟောင်းယဥ်ကျေးမှုနယ်မြေ မြောက်ဘက်၊ အုတ်ဖိုရွာမှာ တပ်စွဲခဲ့ပါတယ်။ အဲဒီ စစ်ကောင်စီတပ်ကို ညနေပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပစ်မှတ်ကို တည့်တည့်ကျရောက်တာကြောင့် ငါးဦးခန့် သေနိုင်ပြီး ထိခိုက်မှု များပြားမှာလို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
မြင်းမူမြို့ပေါ် ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက မြင်းမူမြို့ပေါ်၊ ဝါစက်ဝင်းအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြင်းခြံခရိုင်တပ်ရင်း (၇)Zero ပြောက်ကျားတပ်ဖွဲ့နဲ့ တပ်ရင်း(၇)လက်အောက်ရှိ True Fighter အဖွဲဲ့တို့ပူးပေါင်းကာ သံပုရာသီးလက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ပြောက်ကျားတပ်ဖွဲ့ရဲ့ အဆိုအရ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် အင်အားသုံးထိုးစစ်ဆင်လို့ တမူး ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ရဲ့ စခန်း ၆ခု စွန့်လွှတ်လိုက်ရ
စစ်ကိုင်းတိုင်း တမူးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေအသုံးပြုပြီး သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ရဲ့ စခန်း ၆ ခုကို စွန့်လွှတ်ခဲ့ရပါတယ်။ တမူးမြို့နယ်အတွင်း နေရာတစ်ခုမှာ တည်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ရဲ့ စခန်း ၆ခုကို စစ်ကောင်စီတပ်က မနေ့ညနေပိုင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ စစ်လက်နက်ပစ္စည်းကလွဲလို့ ဘာမှ ယူချိန်မရလိုက်ဘူးလို့ တော်လှန်ရေးအဖွဲ့ တာ၀န်ခံတစ်ဦးက ပြောပါတယ်။ ရဲဘော်တွေတစ်ဦးမှအထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပေမယ့် ဆုံးရှုံးမှုကတော့ များတယ်လို့ သူက ဆက်ပြောပါတယ်။ အဓိကက လက်နက်နဲ့ ကျည်မလုံလောက်လို့ ဆုတ်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်အားလုံး ဘေးကင်းတဲ့ နေရာသို့ရောက်နေပြီလို့ သိရပါတယ်။


















































