Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တမူး-မိုး​ရေး နယ်စပ်ကုန်သွယ်ရေးစခန်းကို အိန္ဒိယက သုံးလပိတ်

မြန်မာ-အိန္ဒိယ နယ်စပ် တမူး-မိုးရေး နယ်စပ်ကုန်သွယ်စခန်းကို နိုဝင်ဘာ ၁၅ ရက်မှစတင်ပြီး သုံးလပိတ်သိမ်းတယ်လို့ အိန္ဒိယ မဏိပူရပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။ စိုးရိမ်စရာကောင်းတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားများ အိန္ဒိယမှာ တိုးလာတာကြောင့် အခုလို နယ်စပ်ဂိတ်ကို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့ မဏိပူရပြည်နယ်အစိုးရက​ ဆိုပါတယ်။ နယ်စပ်ဂိတ်ပိတ်သိမ်းလိုက်ခြင်းကြောင့် ကုန်သွယ်ရေးထိခိုက်ပြီး ကုန်ဈေးနှုန်းမြင့်တက်လာမှာကို စိုးရိမ်​တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိန္ဒိယဘက်မှ တင်သွင်းတဲ့ သွင်းကုန်များလည်း ဈေးတက်လာနိုင်ပြီး အိန္ဒိယသို့ နယ်စပ်မှ တင်ပို့​တဲ့ ကုန်စည်တွေကတော့ ​​ဈေးကျလာနိုင်​တယ်လို့ တမူးမြို့ခံက ပြောပါတယ်။

(မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်​ရေးဂိတ်။ ဓါတ်ပုံ-CJ)
(မြန်မာ- အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်​ရေးဂိတ်။ ဓါတ်ပုံ-CJ)

▪︎နိုင်ငံရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ကို ထောက်ခံကြောင်း PPST ကြေညာ

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေးသဘောထားကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမှသာ ထုတ်ဖော်ပြောဆိုနိုင်မယ်လို့ ပြောကြားချက်ကို ထောက်ခံကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က မနေ့က ကြေညာပါတယ်။ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ PPST ဦးဆောင်မှု ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ဒေသတွင်းနဲ့ ပြည်တွင်းအခြေအနေတွေနဲ့ပတ်သက်လို့ သဘောထား ထုတ်ပြန်ကြေညာခဲ့တာပါ။ PPST မှာ ပါဝင်နေသူတွေဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်းဖြစ်ပါတယ်။

နိုင်ငံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ထောက်ခံကြောင်း PPST ကြေညာ
နိုင်ငံရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ထောက်ခံကြောင်း PPST ကြေညာ

▪︎စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို မလေးရှား ထောက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေး၀န်ကြီးပြော

စစ်ကောင်စီက လာမယ့်နှစ်မှာ ကျင်းပဖို့စီစဥ်နေတဲ့ ရွေးကောက်ပွဲကို မလေးရှားနိုင်ငံက ထောက်ခံမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေး၀န်ကြီး Saifuddin Abdullah က ပြောပါတယ်။ စစ်ကောင်စီဟာ ရွေးကောက်ပွဲဥပဒေအချို့ကို ပြင်ဆင်ထားတာကြောင့် တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘဲ အခြား ပါဝင်ပတ်သက်သူတွေကလည်း သဘောမတူတာကြောင့် မလေးရှားက မထောက်ခံတာလို့ သူက ရှင်းပြပါတယ်။ မလေးရှားဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့၊ အနာဂတ်မှာ ပိုမိုတည်ငြိမ်စေဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်တယ်လို့ အသိအမှတ်ပြုခဲ့တာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအကြောင်းပြောဆိုမှုဟာ ကျင့်ဝတ်သိက္ခာအရ မှန်ကန်မှုမရှိဘူးလို့လည်း Saifuddin Abdullah က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး ။ ။ဓါတ်ပုံ- ရိုက်တာ/MK News
မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး ။ ။ဓါတ်ပုံ- ရိုက်တာ/MK News

▪︎မော်လမြိုင်မှာ မြို့ပြပြောက်ကျား ၅ ဦးအဖမ်းခံရ

မနေ့ကညပိုင်း မွန်ပြည်နယ် မော်လမြိုင်မြို့ ၊ဇေယျာသီရိ ( ၃) ရပ်ကွက်အတွင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံလိုက်ရပါတယ်။ ဇေယျသီရိ (၃) ရပ်ကွက်က နေအိမ် တစ်အိမ်ကို ညနေပိုင်းမှာ စစ်ကောင်စီတပ်က လာရောက်စီးနင်းရာမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ကနဦးပစ်ခတ်မှုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သားဖြစ်သူနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရသွားပါတယ်။ အဲဒီနောက် စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ပိတ်ဆို့ပစ်ခတ်ခဲ့ပါတယ်။

▪︎အင်းတော်မှာ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ် နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်ဖွဲ့က နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့တယ်လို့ အင်းတော် PDF က အသိပေးပါတယ်။ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက အင်းတော်မြို့နယ် နန်းမကြိုရွာဘက်သို့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA/PDF ပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာရသူတစ်ဦး ဆေးရုံမှာ ထပ်မံသေဆုံးသွားတယ်လို့ Indaw Revolution က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းကလည်း ကသာမြို့မှ ဆင်းလာတဲ့ စစ်ကြောင်းနဲ့ အင်းတော်မြို့နယ်မှ တက်လာတဲ့ စစ်ကြောင်းပူးပေါင်းအဖွဲ့ကို ကမ်းနီရွာထိပ်မှာ KIA/PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်မှ အထိအခိုက် အသေအဆုံးများနိုင်တယ်လို့ ဆိုပါတယ်။

အင်းတော် PDFမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - IR
အင်းတော် PDFမှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – IR

▪︎ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်လွှတ်မပေးလို့ ရွာကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း ဆောမြို့နယ် လက်ပန်းကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆောဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ပန်းကျေးရွာကို မီးရှို့နေပြီး ကျောက်ထု အမြောက်တပ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာကို မီးမရှို့မီ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များထံ ဆက်သွယ်ပြီး PDFများ ဖမ်းထားတဲ့ စစ်ကောင်စီတပ်သား လေးဦးကို ပြန်လွှတ်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်မှ တပ်သား လေးဦးဟာ အသက်မပြည့်သေးသူများဖြစ်ပြီး စစ်ကြောင်းထိုးစဉ် ကျေးရွာများမှ ခိုးလာတဲ့ ရွှေတွေကို လာရောင်းရာ နိုဝင်ဘာ ၉ ရက်မှာ သူတို့ကို PDF တွေက ဖမ်းဆီးရမိခဲ့တာပါ။

▪︎တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ် နှစ်ကြိမ် တိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၉ ဦးသေဆုံးကာ တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင် PDF တပ်ရင်း (၂)က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအနောက်ဘက်ရှိ ခမရ (၅၅၇)နဲ့ (၅၅၈)တို့ကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၂)နဲ့ တနင်္သာရီပြောက်ကျားအဖွဲ့၊ တနင်္သာရီ ရိုးမအဖွဲ့တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ သုံးနာရီခန့်ကြာတဲ့ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တစ်ဦးရှပ်ထိဒဏ်ရာရခဲ့ပေမယ့် ကျန်ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန် ပါတယ်။ အလားတူ မနေ့က မနက်ပိုင်းမှာပဲ တနင်္သာရီနယ် ဗောဓိကုန်းတံတားအနီးရှိ အမတ (၃၀၆)နဲ့ ခမရ (၅၅၇)တို့ကို မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)နဲ့ မဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း - ၂))
(မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)က ဗောဓိကမ်းတံတားအနီး စစ်ကောင်စီတပ်အား တိုက်ခိုက်နေစဥ်(တပ်ရင်း – ၂))

▪︎စစ်ကောင်စီတပ်နဲ့ ပျူတပ်စွဲရာ အလယ်ကျွန်းရွာကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ပြည်သူတွေရဲ့ သီးနှံများကိုသိမ်းယူနေတဲ့ အလယ်ကျွန်းရွာရှိ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG PDFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်အစောပိုင်းက ကနီမြို့နယ် အလယ်ကျွန်းရွာရှိ ပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေကို (၆၀)မမ လက်နက်ကြီး အလုံး ၄၀ကျော်နဲ့ တစ်နာရီခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို KLG PDF၊ CRAအဖွဲ့နဲ့ ဆရာစံအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေမသိရသေးဘူးလို့ KLG PDF အဖွဲ့က ပြောပါတယ်။

▪︎စစ်ကောင်စီတပ်စစ်ကြောင်းထိုးလို့ ခင်ဦးနယ် ကျေးရွာလေးရွာမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဖမ်းဆီးမှုတွေ ပြုလုပ်နေလို့ ကျေးရွာလေးရွာမှ ဒေသခံပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ရေဦးမြို့မှ စစ်ကောင်စီတပ်တွေနဲ့ ရွာသစ်ကုန်းကျေးရွာ ပျူစောထီးတွေဟာ အင်အား၁၀၀ကျော်နဲ့ စစ်ကြောင်းထိုးလာလို့ ခင်ဦးမြို့ အနောက်ခြမ်းရှိ အင်းပတ်ရွာ၊ ချမ်းသာကုန်း(ခ)အောင်ချမ်းသာရွာ၊မရမ်းအင်းရွာ နဲ့ ကုန်းသာကျေးရွာ တို့မှ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။ အဲဒီစစ်ကြောင်းကို ရေဦးဘက်ကလည်း လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။