အမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေးကို အမျိုးသားတော်လှန်ရေးအဖြစ် အားစိုက်လုပ်ဆောင်ဖို့ ယာယီသမ္မတ တိုက်တွန်း
အမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ်သင်ချေမှုန်းရေးကို အမျိုးသားတော်လှန်ရေး တစ်ရပ်အဖြစ် အားလုံး စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပါတယ်။ အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဒီနေ့ ကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ ယာယီသမ္မတက မိန့်ခွန်းပြောကြားခဲ့ရာ “အမျိုးသား”ဆိုတဲ့ စကားလုံးဝေါဟာရ အနက်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို လက်ရှိအချိန်မှာ ရအောင် တည်ဆောက်ချင်တယ်လို့ ယာယီသမ္မတက ဆက်ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်အားလုံးကို လက်ဆောင်စကားပါးလိုသည်မှာ နိုင်ငံဟောင်းကို ပယ်ပြီး နိုင်ငံသစ်ကို တည်ရောက်ရာမှာ အတွေးအခေါ်သစ်၊ အမြော်အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်တွေနဲ့ သိုင်းဝိုင်းတည်ဆောက်ဖို့ကြိုးစားကြရမယ်လို့ တိုက်တွန်းပါတယ်။

မြန်မာပြည်သူတွေနဲ့ အမြဲအတူတူရှိတယ်လို့ ဦးမြအေး ပြော
စစ်အုပ်စုရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံရသူများအနက် တစ်ဦးဖြစ်တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်ဦးမြအေးက ဒီကနေ့ ထောင်မှလွတ်မြောက်ချင်းချင်း မြန်မာပြည်သူတွေနဲ့ အမြဲအတူတူရှိနေတယ်လို့ သတင်းစကားပါးပါတယ်။ စစ်အာဏာသိမ်းတဲ့နေ့မှာပဲ မတရားဖမ်းဆီးခံရသူ ဦးမြအေးဟာ လပေါင်း ၂၀ ခန့် ချုပ်နှောင်ခံခဲ့ရပြီး ဒီနေ့ ပြန်လွတ်လာခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒီနေ့လွတ်ငြိမ်းစာရင်းမှာ NLD လက်ထက်ဝန်ကြီးအချို့၊ နိုင်ငံခြားသား လေးဦး၊ နိုင်ငံရေးနဲ့ အနုပညာနယ်ပယ်က ထင်ရှားကျော်ကြားသူများ ပါဝင်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်အချို့နဲ့အတူ လွှတ်ပေးသူ ၆၀၀၀ နီးပါးရှိပေမယ့် နိုင်ငံရေးအကျဉ်းသားအရေအတွက်ကတော့ အနည်းငယ်သာပါဝင်တယ်လို့ သိရပါတယ်။ ဒီနေ့လွတ်မြောက်လာသူတွေထဲ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်လည်း ပါဝင်ပါတယ်။ အခုလိုလွတ်မြောက်လာတာ သူ့အတွက် ကောင်းပေမယ့် နိုင်ငံအတွက် ကောင်းစေချင်သေးတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းပေးမှု နိုင်ငံရေး ကစားကွက်ရွှေ့နေခြင်းသာဖြစ်ဟု နိုင်ငံရေးအကျဥ်းသားအချို့သုံးသပ်
နိုင်ငံရေး၊ စစ်ရေးနဲ့ သံတမန်ရေးရာနယ်ပယ်တွေမှာ မျက်နှာပန်းမလှတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းက နိုင်ငံရေး ကစားကွက်ရွှေ့နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားအချို့က သုံးသပ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မူလကတည်းက အပြစ်မရှိသူများကို အမှုဆင်ကာ မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီနေ့မှာ မတရားဖမ်းဆီးခံရသူတွေ လွတ်မြောက်လာလို့ ၀မ်းသာပေမယ့် ကျေးဇူးတင်စရာ မရှိဘူးလို့ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက် နှစ် ၂၀ နီးပါး အကျဥ်းချခံရသူ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက မှတ်ချက်ပြုပါတယ်။ စစ်ကောင်စီအတွက် နိုင်ငံတကာဖိအားကလည်း အရမ်းကြီးလို့ နိုင်ငံရေးရွှေ့ကွက်တစ်ကွက်ရွှေ့တယ်လို့ သူက ဆက်ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကလည်း စစ်ကောင်စီ၏ လုပ်ဆောင်မှုကို ‘ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ဖို့’ ဖြစ်တယ်လို့ ဒီနေ့ သူ့ဖေ့ဘုတ်မှာရေးသားပါတယ်။

Public Service Announcement

ဗန်းမောက်မှာ စစ်ကောင်စီတပ် စာသင်ကျောင်းကို လေကြောင်းမှတိုက်ခိုက်၊ လူထိခိုက်မှုရှိဟုဆို
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် မံထုံရွာစာသင် ကျောင်းကို စစ်ကောင်စီတပ်က မနေ့ ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Banmauk Revolution က ဖော်ပြပါတယ်။ ဗန်းမောက်မြို့ မြောက်ဘက် မံထုံရွာစာသင်ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲချသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရှိရတယ်လို့ ဖော်ပြပါတယ်။ ထိခိုက်ပျက်စီးမှု ဆက်လက်စုံစမ်းနေဆဲလို့ အသိပေးထားပါတယ်။
စစ်ကောင်စီတပ်ကို မြောင်တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စခန်းမှထွက်လာတဲ့ စစ်အုပ်စုကို မိုင်းကွင်းပေါ်ရောက်ချိန် အဝေးထိန်းစနစ်နဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ 11 Brothers Revolution Forces အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက ကျောက်ရစ်စခန်းမှထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထိမှန်ကာ သုံးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတစ်ဦးမှာ ကျောက်ရစ်စခန်းပြန်ရောက်ချိန် သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာလည်း အသက်အန္တရာယ်ထိခိုက်နိုင်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို 11 Brothers Revolution Forcesနဲ့ အတူ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ ဗိုလ်နေတိုးအထူးပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ နိုဝင်ဘာ ၁၄ ရက်တစ်ရက်တည်း စစ်ဆင်ရေး သုံးခုပြုလုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေးများပြုလုပ်နိုင်ရေးအတွက် ပြည်သူများပါဝင်ကူညီပေးကြဖို့ 11 Brothers Revolution Forces အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
အရာရှိအပါအဝင် ရဲလေးဦး လက်နက်နဲ့တစ်ကွ အလင်းဝင်
ဆောမြို့မရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦးနဲ့ ရဲတပ်သား(၃) ဦးလက်နက်နဲ့တကွအလင်းဝင်ရောက်လာတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဂန့်ဂေါခရိုင်၊ အမှတ်(၃) တပ်ရင်းမှူးက ပြောပါတယ်။ အလင်းဝင်လာတဲ့ ရဲတပ်သားတွေကို နိုဝင်ဘာ ၁၄ ရက်မှာ ဂုဏ်ပြုအခမ်းအနားနဲ့ ဆုငွေများပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အလင်းဝင်လာတာ စုစုပေါင်း ရဲငါးယောက်ဖြစ်ပြီး အထက်ပါတပ်ရင်းဆီကို လေးဦးရောက်လာကာ အခြားတစ်ဦးက အခြားတပ်ရင်းတစ်ခုကို ရောက်သွားတယ်လို့ တပ်ရင်းမှူးက ဆက်ပြောပါတယ်။ အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားတွေက စစ်ကောင်စီဟာ နယ်မြေထိန်းချုပ်နိုင်စွမ်းမရှိခြင်းအပါအဝင် သူတို့အတွက် လုံခြုံမှုမရှိတော့ဘူးလို့ ထွက်ဆိုထားပါတယ်။ ဒီလဆန်းကလည်း ဆောမြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးဟာ G3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု နဲ့ ကျည် ၅၃ တောင့်နဲ့ အလင်းဝင်လာတယ်လို့ ကျောက်ထု PDF က အသိပေးပါတယ်။

လှတောစခန်းမှထွက်လာတဲ့ စစ်အုပ်စုကို မိုင်းခွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးသေဟုဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ရှိ လှတောရဲစခန်းမှထွက်လာတဲ့ စစ်အုပ်စုကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးတယ်လို့ BLACK WOLF PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ခုနစ်ဦးကို ဒိုင်ကွင်းရှေ့အရောက်မှာ ပြင်းအားလွန်မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ သုံးပွင့်ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားအဆင့်ရှိ သူတစ်ဦးတို့သေဆုံးခဲ့ကာ သုံးဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားတယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အောက်တိုဘာအတွင်းက ကျဆုံးခဲ့တဲ့ BLACK WOLF PDF အဖွဲ့ဝင် ရဲဘော်လေးဦးရဲ့ ကိုယ်စား တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ရွှေဘိုနယ် ခွန်တောင်းကြီးရွာ ပျူစခန်းကို PDFများ ပူးပေါင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ခွန်တောင်းကြီးကျေးရွာရှိ ပျူစောထီးကင်းစခန်းကို လက်နက်ကြီးတွေနဲ့ PDFများပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက ခွန်တောင်းကြီးရွာရှိ ပျူကင်းစခန်းကို လက်နက်ကြီးတွေနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ Burmese RevolutionYouths(BRY)က လည်း ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချကာ တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများနိုင်တယ်လို့ Shweo Bo Defense Force-SBDFက ဆိုပါတယ်။ ပျူစောထီးအဖွဲ့ဘက်ကလည်း လက်နက်ငယ်တွေနဲ့ အချက် ၂၀ခန့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲဘော်များထိခိုက်မှုမရှိဘူးလို့ Black Dragon အဖွဲ့က အသိပေးပါတယ်။


















































