▪︎စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံတဲ့ အပြုအမှုမှန်သမျှ မပြုလုပ်ကြဖို့ နိုင်ငံတကာကို NUG တောင်းဆို
အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို မျက်ကွယ်ပြုခြင်းဟာ ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ဖို့ အားပေးရာရောက်တယ်လို့ နိုင်ငံတကာကို NUG က သတိပေးထုတ်ပြန်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံတဲ့ အပြုအမှုမှန်သမျှ မပြုလုပ်ကြဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အလေးအနက်တောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးငယ်များနဲ့ ရွာသားများသေဆုံးခဲ့မှုအပေါ် NUG ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်ဖို့နဲ့ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ နဲ့အတူ အရေးတကြီး ပံ့ပိုးဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါတယ်။ NUG အနေနဲ့ အခုလို ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းရယူသကဲ့သို့ လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ကာကွယ်ရေး၊ ပြန်လည်ကုစားရေးနဲ့ တရားမျှတမှု ရှာဖွေရေး၊ ကျူးလွန်သူများကို တရားဥပဒေနည်းလမ်းတကျ အပြစ်ပေး အရေးယူနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်သွားမယ်လို ကြေညာပါတယ်။


▪︎စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အမေရိကန်အစိုးရပြစ်တင်ရှုတ်ချ
အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်ဒုသမ္မတ ကင်မလာဟဲရစ်က ရှုတ်ချလိုက်ပါတယ်။ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ကန်ဒုသမ္မတဟာ ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံရာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေကြောင်း နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုကို အလေးထားကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့လို့ အိမ်ဖြူတော်က မနေ့က ထုတ်ပြန်ပါတယ်။ ဒါ့အပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီတွေ့ဆုံမှုမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အမေရိကန်အစိုးရက ရှုတ်ချခဲ့ပါတယ်။

▪︎သီးဘွာလ်စခန်းတိုက်ပွဲ ငါးရက်အတွင်း ဒရုန်းနဲ့အကြိမ် ၃၀၀ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ဟု CNO/CNDF ထုတ်ပြန်
ချင်းပြည်နယ် ဖလမ်းမြို့ရှိ စစ်ကောင်စီရဲ့ သီးဘွာလ် တပ်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာ တိုက်ပွဲ ငါးရက်တာကာလအတွင်း ဒရုန်းနဲ့အကြိမ် ၃၀၀ ကျော် ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် အနည်းဆုံး ၃၀ကျော် သေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF)က ထုတ်ပြန်ပါတယ်။ အဲဒီ သီဘွာလ်တပ်စခန်းဟာ ဖလမ်းနဲ့ ရိဒ်ခေါဒါရ်မြို့အကြား တည်ရှိပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးဦးစီးတဲ့ အင်အား ၃၄ ဦးကျော်ရှိပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းမှ ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းသွားပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းအင်အား အလုံးအရင်း အသုံးပြုတုံ့ပြန်လာပေမယ့် စခန်းသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းမယ်လို့ CNDF စစ်ဦးစီးချုပ်က ပြောထားပါတယ်။

Public Service Announcement
▪︎ပွင့်ဖြူနယ်မှာ ရဲအင်အားမလုံလောက်လို့ နေ့စားသမားခေါ်ကာ ယူနီဖောင်းဝတ်ကင်းစောင့်ခိုင်း
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ရဲတပ်သားအသစ်တောင်းယူလို့ မရလို့ ခိုးဆိုးနှိုက်နဲ့ ရပ်ကွက်တွင်းလေ့လွင့်နေတဲ့ အရပ်သားတွေကို နေ့စားပေးကာ ယူနီဖောင်းဝတ်ဆင်စေပြီးကင်းစောင့်ခိုင်းနေတယ်လို့ ပွင့်ဖြူဒေသခံအချို့က ပြောပါတယ်။ ပွင့်ဖြူရဲစခန်းနဲ့ လယ်ကိုင်းရဲစခန်းမှာ ရဲတပ်သားသစ် တောင်းတာကို အထက်က မပေးနိုင်လို့ နေ့စားသမားအဖြစ်ငှားရမ်းကာ အသုံးပြုနေပြီး ရဲတွေကမူ အရပ်ဝတ်တွေနဲ့ နေထိုင်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ နေ့စားခေါ် ကင်းစောင့်ခိုင်းရခြင်းမှာ ရဲနဲ့ စစ်ကောင်စီတပ် အင်အားများလိုအပ်နေပြီး တပ်သားသစ်စုမရတဲ့အခြေအနေကြောင့် ဖြစ်တယ်လို့ အခြားဒေသခံတစ်ဦးက ပြောပါတယ်။

▪︎ခင်ဦးနယ်သာမက ရွှေဘိုဘက်ပါကူးပြီး ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲထိုးပြီး ခင်ဦးမြို့နယ်သာမက ရွှေဘိုနယ်ရှိ ကျေးရွာတွေကိုပါ ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာလ ၁၈ ရက်ညနဲ့ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ခင်ဦးမြို့နယ်၊ ပေါင်းလဲကုန်းကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ်များကို နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့တဲ့စစ်တပ်ဟာ ဒီနေ့မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် မြောက်ခြမ်း လိပ်ရကုန်းကျေးရွာနဲ့ လက်ပံကြီးရွာတို့ကို လက်နက်ကြီးငယ်များ ရမ်းသမ်းပစ်ခတ်ကာ အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး မီးရှို့ခဲ့တယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ တချိန်တည်းမှာ ခင်ဦးနယ်အတွင်းသို့ ကန့်ဘလူနယ်ဘက်မှလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းထိုးနေပြီး ခင်ဦးနယ်၊ နှဲတွင်းရွာ၊ ဆီဆုံလေးရွာဝန်းကျင်မှာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ယင်းမာပင်မှာ စစ်အုပ်စု စစ်ကြောင်းထိုးလာလို့ ညအချိန်မတော် ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရ
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှ စစ်အုပ်စုနဲ့ ပျူစောထီးများ စစ်ကြောင်းထိုးလာလို့ ကျေးရွာများမှ ဒေသခံပြည်သူများ ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ည၇ နာရီခွဲခန့်က စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမမှ တောင်ဘက်သို့ ဦးတည် ထွက်လာပြီး စည်ဆွဲတောင်ခြေရင်း ကပ်လာခဲ့ကာ အဲဒီစစ်အုပ်စုကြောင့် စည်လှောင်၊ အောင်ချမ်းအေး၊ အောင်ချမ်းသာ စတဲ့ကျေးရွာတွေမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလို့ ဆိုပါတယ်။ အဲဒီစစ်အုပ်စုဟာ ဒီနေ့ မနက် ၂ နာရီမှာ စည်ဆွဲတောင်ပေါ်တက်ကာ ကင်းပုန်ချထားတယ်လို့ Yinmarbin Local People’s Defence Force အဖွဲ့က အသိပေးပါတယ်။

▪︎စစ်ကောင်စီယာဥ်တန်း မုံရွာ – မန္တလေးလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းမှာ ၁၈ စီးပါ စစ်ကောင်စီယာဥ်တန်းကို မဟာမိတ်အဖွဲ့တွေက နေရာသုံးနေရာခွဲကာ ပဒေသာမိုင်း ၅ပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဥ်လေးစီး မိုင်းထိခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)က သတင်းထုတ်ပြန်ပါတယ်။ မနေ့က စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့သို့ လက်နက်နဲ့ လူအင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီရဲ့ ၁၈စီးပါယာဥ်တန်းကို CDSOM ရဲ့ တပ်ခွဲတွေနဲ့ မဟာမိတ်တွေက လမ်းကြောင်းဖြတ်တောက် မိုင်းဆွဲတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ခဲ့ကြပြီး M2W က ထုတ်လုပ်တဲ့ ပဒေသာမိုင်း ၃၃လုံးနဲ့ တဖက်ပွင့် နှစ်ချောင်းကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


















































