စစ်ကိုင်းတိုင်း ခန္တီးမြို့မှ လူငယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် PDFအားထောက်ပံ့သည်ဟုစွပ်စွဲကာ ထောင်ဒဏ် ၁၀နှစ်မတရားချမှတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။
“သူက ရိုးရိုးအေးအေးနေသူပါ။ အခု မတရားဖမ်းဆီးခံရပြီး ထောင်၁၀နှစ်ချခံရတယ်။ ဒီနေ့(နိုဝင်ဘာ ၂၄ရက်)ထောင်ကို ပို့တော့မယ်လို့ ကြားတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက ပြောသည်။
မအေးသီရိကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီက ဖမ်းဆီးခဲ့ပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထံ ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲကာ ပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ယနေ့(နိုဝင်ဘာ ၂၁ ရက်)တွင် ခန္တီးခရိုင်တရားရုံးမှ ထောင် ၁၀နှစ်ချမှတ် လိုက်ခြင်းဖြစ်သည်။

Public Service Announcement
“သမီးလေးက ကျန်းမာရေးလည်းမကောင်းဘူး။သမီးလေးအတွက် အယူခံဝင်ဖို့ ကြိုးစားနေပါတယ်”ဟု မအေးသီရိ၏ အမေက ပြောသည်။
စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၁ရက်ကလည်းစစ်ကိုင်းတိုင်း တမူးမြို့မှ CDM ကျောင်းဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကိုလည်း ထောင်ဒဏ် ၁၀နှစ် မတရားချမှတ်ခဲ့သေးသည်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၁၃,၀၀၀နီးပါးကို ဖမ်းဆီးထားပြီး နိုဝင်ဘာ ၂၃ရက်အထိ ပြည်သူ ၁,၆၀၈ဦးကို ထောင်ဒဏ်ချမှတ််ထားသည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားသည်။
