Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ရန်ကုန်မြို့မှာ ဗိုလ်မှူးကြီးဟောင်းတစ်ဦးပစ်သတ်ခံရ

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ (၂၃)ရပ်ကွက်မှာ ဗိုလ်မှူးကြီးဟောင်းတစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဗိုလ်မှူးကြီးဟောင်း ဇော်နိုင်ဝင်းကို ၎င်းနေထိုင်ရာ ကံ့ကော်မြိုင်လမ်းနဲ့ အင်ကြင်းမြိုင်လမ်းသွယ် (၄)ထောင့်ရှိ နေအိမ်ရှေ့မှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။ အသတ်ခံရတဲ့ ဗိုလ်မှူးကြီးဟောင်းဆိုသူဟာ စစ်ကောင်စီရဲ့ သတင်းစုဆောင်းရေးမှူးတစ်ဦးဖြစ်တယ်လို့ မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သင်္ဃန်းကျွန်းအပါအဝင် သာကေတ ၊တာမွေမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ပိုက်စိပ်တိုက်စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက အသိပေးပါတယ်။

▪︎စစ်ကောင်စီတပ် မီးရှို့သွားတဲ့ ရွာကို PDF ရှင်းလင်းရေးဝင်လုပ်ပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ကျေးရွာတစ်ရွာကို ဒေသတွင်းအခြေစိုက် တောင်ရိုးသားများတပ်ပေါင်းစုက ရှင်းလင်းရေးလု​ပ်ငန်းများ ဝင်ရောက်ဆောင်ရွက်ပေးခဲ့ကြပါတယ်။ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလလယ်ပိုင်းကစတင်ကာ ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်များရှိ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။

▪︎ခင်ဦးနယ်ကို စစ်ကြောင်း သုံးကြောင်းထိုးပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်းကို စစ်ကောင်စီတပ်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းထိုးနေပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ မနေ့ နေ့ခင်းက စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ ကံသာယာရွာ၊ နတ်ကြီးကုန်း ထန်းတောတဲအတွင်း အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး အသက်(၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်သတ်သွားတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် လေကြောင်းပစ်ခတ်ခံရမှုမှာ မုံလှရွာနေ ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ကျဆုံးရဲဘော်တစ်ဦးနဲ့ ပျောက်ဆုံးနေတဲ့ ရဲဘော်တွေရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

▪︎ချင်းပြည်နယ် သီးဘွာလ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဘွာလ်တပ်စခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတင်းထုတ်ပြန်ထားပါတယ်။ CNO လက်အောက်ခံ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)တပ်ဖွဲ့က နိုဝင်ဘာ ၁၅ရက်ကတည်းက သီးဘွာလ် တပ်စခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေခဲ့ရာ စစ်ကောင်စီတပ်က စခန်းမကျရေး လေကြောင်းမှ ပစ်ကူပေးခြင်း၊ လေကြောင်းမှ စစ်အင်အားနဲ့ လက်နက်ရိက္ခာများ ဖြည့်တင်းခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၁ ကနေ ၂၃ ရက်အထိ ထိတွေ့တိုက်ပွဲ အခြေအနေများကို ထုတ်ပြန်ခဲ့ရာ တိုက်ပွဲတွေအတွင်း CNDF ရဲဘော်တစ်ဦး ဒဏ်ရာရပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေက ရှိတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်မှ ပစ်ခတ်တဲ့ မီးလောင်ဗုံးကြောင့် သီးဘွာလ်ရွာရှိနေအိမ် သုံးလုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

▪︎မုံရွာ – မန္တလေးလမ်းပေါ်မှာ ပျူနဲ့ဒေသတွင်း PDFများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ တောပုရွာ ပျူစောထီးတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ ပျူ ဒုခေါင်းဆောင်အပါအဝင် ပျူအဖွဲ့ဝင် ထိခိုက်သေဆုံးမှုများပြားတယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-South Monywa တာဝန်ခံ Daung Karyan က ပြောပါတယ်။ မနေ့ ညနေပိုင်းက တောပုကျေးရွာအထွက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ PDFဘက်က (၄၀) မမ သုံးလုံး၊ M416 ၅လက် နဲ့ 5.56 mm ကျည် ငါးဘောက် ကုန်တဲ့အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူနှစ်ဦးသေဆုံးကာ ပျူ ၃ ဦး အသည်းအသန် ဖြစ်နေတယ်လို့ Daung Karyan က ဆိုပါတယ်။ ပြည်သူ့ရဲဘော်အားလုံး ပွန်းပဲ့ ဒါဏ်ရာကလွဲလို့ အခြားထိခိုက်ခဲ့ခြင်း မရှိဘူးလို့သူက ဆက်ပြောပါတယ်။

▪︎ဗဟင်းစခန်းမှ ဆုတ်ခွာလာတဲ့ စစ်အုပ်စုကို လာကြိုတဲ့ စစ်ကြောင်းကို တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ် ဗဟင်းကျေးရွာမှ ဆုတ်ခွာလာတဲ့ စစ်အုပ်စုနဲ့ ရဲတွေကို မြိုင်မြို့အဝင် မြို့ပေါ်စစ်ကောင်စီတပ်က ကားနဲ့လာကြိုစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၁၂ ဦးသေဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလင်္ယျာက ပြောပါတယ်။ ဗဟင်းရဲစခန်းနဲ့ ကျေးရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ မြိုင်မြို့အနောက်ဘက် လေးဖာလုံခန့်အကွာရှိ ကြောင်ကန်ကျေးရွာသို့ မနေ့ ညနေပိုင်းက ရောက်ရှိခဲ့ပါတယ်။ အဲဒီ အဖွဲ့ကို မြိုင်ဘက်မှ ကားတွေနဲ့ လာကြိုတဲ့ စစ်ကြောင်းကို ပေပါမိုင်း၂လုံးရှေ့ထွက်ပြောင်း ၆လုံးနဲ့ တိုက်ခိုက်ရာ လာကြိုတဲ့ ကားမှာ မိုင်းထိကာ မောင်းနှင်မရတော့ဘဲ စစ်သားနဲ့ရဲ ၁၂ ဦးသေဆုံးကာ ထိခိုက်​ဒဏ်ရာ အများအပြား ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

(သိမ်းဆည်းရမိသော စစ်အုပ်စု၏ မိုဘိုင်းဖုန်းများ။ ။ဓါတ်ပုံ BlackGodပြောက်ကျားတပ်ဖွဲ့)
(သိမ်းဆည်းရမိသော စစ်အုပ်စု၏ မိုဘိုင်းဖုန်းများ။ ။ဓါတ်ပုံ BlackGodပြောက်ကျားတပ်ဖွဲ့)

▪︎မင်းတပ် CDFကို ပိုမိုကျစ်လစ်ခိုင်မာတဲ့အဖွဲ့အဖြစ် တည်ဆောက်မယ်

ချင်းပြည်နယ် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)ဟာ အဖွဲ့အစည်းပိုမိုကျစ်လစ်ခိုင်မာရေးနဲ့ စည်းကမ်းပြည့်၀ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လာစေရေး ဦးထိပ်ထားရင်း စစ်အာဏာရှင်စနစ် ကျရှုံးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ မင်းတပ် CDFက ထုတ်ပြန်ပါတယ်။

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် အပြည့်အ၀ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်တဲ့အထိ စည်းလုံးညီညွတ်စွာနဲ့ အသက်နှင့်ရင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြပါတယ်။ နိုဝင်ဘာ ၂၃ ရက်မှာ ကျင်းပခဲ့တဲ့ မင်းတပ် CDF ရှိ တပ်မဟာမှူး၊ ဒုတပ်မဟာမှူး၊ ဌာနမှူးများ၊ ဗျူဟာမှူးများ၊ တပ်ရင်းမှူးများ ပါဝင်တဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တာပါ။

▪︎ပေါက်မြို့နယ်မှာ မီးပတ်ရှို့နေတဲ့ စစ်ကောင်စီတပ်ကို PDF များတိုက်ခိုက်

မကွေးတိုင်း၊ပေါက်မြို့နယ်ရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး​နေ​တဲ့ စစ်​ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့ ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရပါတယ်။ ပျူစောထီးများပါတဲ့ စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ ကျွန်းတိုင်ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ပြီး စသိန်းရွာနဲ့ဂွေးဂုံရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နိုဝင်ဘာ ၂၂ ကနေ ၂၃ ရက်ညအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ အနောက်ပိုင်းတိုင်း တပ်မဟာ(၇)၊ တပ်ရင်း (၇၀၃) မှ တာဝန်ရှိသူကပြောပါတယ်။

(စစ်​ကောင်စီတပ် မီးရှို့ခဲ့​သော ​ပေါက်မြု့နယ်ရှိ ​ကျေးရွာများနှင့် စစ်​ကောင်စီတပ်ကို သွား​ရောက်တိုက်ခိုက်​သော PDFတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃) မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-People' Spring)
(စစ်​ကောင်စီတပ် မီးရှို့ခဲ့​သော ​ပေါက်မြု့နယ်ရှိ ​ကျေးရွာများနှင့် စစ်​ကောင်စီတပ်ကို သွား​ရောက်တိုက်ခိုက်​သော PDFတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃) မှ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-People’ Spring)

▪︎မြ၀တီ – ဝေါ်လေလမ်းရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ ရှစ်ဦးသေ၊ တပ်ရင်းမှူးအပါအဝင် ၁၅ဦးခန့် ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်းမှာ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းနဲ့ ပူးတွဲတိုက်ပွဲဝင်နေတဲ့ Federal Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - Federal Wings
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – Federal Wings

မြဝတီ-ဝေါလေလမ်းပိုင်း ဘလက်ဒိုရွာအနီးရှိ စခန်းချနေတဲ့ ခမရ (၁၀၂) စစ်ကောင်စီတပ်ကို Cobra Column ဦးဆောင်မှုနဲ့ KNDO တပ်ရင်း (၈)တပ်ဖွဲ့ဝင်များ ၊ ရောင်နီဒရုန်းတပ်ဖွဲ့ နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းကစလို့ ညသန်းခေါင်ယံအထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး တပ်ရင်းမှူး ဗိုလ်မှူးဇော်မျိုးအောင် အပါအဝင် ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိတယ်လို့ စစ်မြေပြင်သတင်းပေးပို့ချက်တွေအရ သိရကြောင်း Federal Wings တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - Federal Wings
စစ်ကောင်စီတပ်အား ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ – Federal Wings

You May Also Like