Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၂၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းမကွဲဖို့ အရေးကြီးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးပြော

တော်လှန်ရေးလမ်းမလွဲဖို့၊ လမ်းမချော်ဖို့အတွက် တော်လှန်ရေးအင်အားစုများအချင်းချင်းအကြား စိတ်ဝမ်းမကွဲရေးက အင်မတန်အရေးကြီးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ဦးရည်မွန်က ပြောပါတယ်။ PDF ရဲဘော်တွေကို ရေဒီယို NUG အစီအစဥ်ကနေပြောကြားတဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ မိန့်ခွန်းမှာ ပြည်သူလူထုအားလုံးက အမြန်ဆုံးအောင်ပွဲနဲ့ တော်လှန်ရေးကို အဆုံးသတ်ချင်သူတွေချည်းဖြစ်တယ်လို့ ထည့်သွင်းပြောပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအနှေးအမြန်ဆိုတာ စိတ်ဆန္ဒတစ်ခုတည်းအပေါ်မှာ စီမံဆောင်ရွက်လို့ရတာ မဟုတ်ဘဲ ခြေလှမ်းနေတာ၊ မြန်တာထက် ခြေလှမ်းမမှားဖို့က ပိုအရေးကြီးတယ်လို့ ဝန်ကြီးဦးရည်မွန်က ဆိုပါတယ်။ တည်တည်ငြိမ်ငြိမ်၊ ခေါင်းအေးအေးထားပြီး ခြေလှမ်းမှန်မှန်လှမ်းနိုင်ရင် ပန်းတိုင်ဟာ တစ်နေ့ထက်တစ်နေ့ နီးလာမယ်လို့ ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪︎အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ

ကမ္ဘောဒီးယားမှာကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီကို တက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။ အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ၊ တရုတ် ၊အိန္ဒိယ နိုင်ငံတို့ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပနေတာပါ။ ပြီးခဲ့တဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်တွင်းမှာ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းကနေတိုက်ခိုက်မှုတွေ ၊ ရွာတွေကိုမီးရှို့တာတွေ ၊ရက်စက်ကြမ်းကြုတ်တဲ့သတ်ဖြတ်မှုတွေ ပြုလုပ်နေချိန် စစ်ကောင်စီကို အစည်းအဝေး တက်ခွင့်ပေးတဲ့အပေါ် အာဆီယံဟာ ဝေဖန်မှု ပြင်းပြင်းထန်ထန်ကြုံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးကို အစည်းအဝေးတက်ခွင့်ပိတ်ပင်တာ အာဆီယံက လုပ်ဆောင်လာတာပါ။

▪︎ရေးစခန်းမှူးအပါအဝင် ရဲသုံးဦးကို ရှင်းလင်းခဲ့ဟု ရေးဘီလူးအဖွဲ့ပြော

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်တစ်ခုအနီးမှာ ရေးမြို့ စခန်းမှူး အပါအဝင် ရဲသုံးဦးကို ဒီနေ့ မနက်က ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ စခန်းမှူး လိုက်ပါလာတဲ့ ကားကို လမ်းခုလတ်မှာ စောင့်ဆိုင်း ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ ဒီနေ့ရှင်းလင်းခဲ့တဲ့ ရေးရဲစခန်းမှူးဟာ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့(MSRO) မှ တာဝန်ခံ ကိုသီဟနေစိုး(ခ)တိုဘီ ကျဆုံးမှုကို အောင်ပွဲခံခဲ့သူလို့ သိရပါတယ်။ ဒီနေ့ တိုက်ခိုက်မှုအတွင်း စခန်းမှူးကိုင်တဲ့ ခြောက်လုံးပြူးတစ်လက်နဲ့ M16 တစ်လက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)
(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)

▪︎လွိုင်ကော်မှာ တော်လှန်ရေးအကြောင်းပြပြီး လုပ်ငန်းရှင်တစ်ဦးထံ ခြိမ်းခြောက် ငွေတောင်း

တော်လှန်ရေးအတွက်ဟုဆိုကာ အမည်ဖော်ပြထားခြင်းမရှိတဲ့ အဖွဲ့အစည်းတစ်ခုက လွိုင်ကော်မြို့နေ လုပ်ငန်းရှင်တစ်ဦးကို ကျပ်သိန်းရာနဲ့ချီ ခြိမ်းခြောက်ငွေတောင်းခံမှုပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ပါတယ်။ ငွေပေးပို့ဖို့ ဒီနေ့ ချိန်းဆိုထားတဲ့ နေရာသို့ KNDF ဗဟိုအဆင့်တာဝန်ရှိသူများ၊ ဗဟိုစုံစမ်းစစ်​ဆေးရေးလုပ်ငန်းအဖွဲ့မှ အရာရှိများ၊နယ်မြေခံတပ်မှူးတွေဟာ တပ်ဖွဲ့နဲ့ ကြိုတင်ဖြန့်ကျက်ကာ နေရာယူစောင့်ကြည့်ခဲ့ပါတယ်။ ဖမ်းဆီးစစ်ဆေးရန်ရည်ရွယ်ခဲ့ပေမယ့် ငွေကြေးတောင်းခံသူတွေက အလျင်အမြန်လှည့်ပြေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ ဘယ်အဖွဲ့လဲဆိုတာ မျက်မြင် သက်သေရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

လွိုင်ကော်တွင် အဖွဲ့အစည်းတစ်ခုက တော်လှန် ရေးအကြောင်းပြပြီး လုပ်ငန်းရှင်တစ်ဦးထံ ခြိမ်းခြောက် ငွေတောင်းခံ
လွိုင်ကော်တွင် အဖွဲ့အစည်းတစ်ခုက တော်လှန် ရေးအကြောင်းပြပြီး လုပ်ငန်းရှင်တစ်ဦးထံ ခြိမ်းခြောက် ငွေတောင်းခံ

▪︎ပေါက်မြို့နယ် စသိန်းရွာ စစ်အုပ်စုရှို့တဲ့မီး ဒီနေ့မနက်အထိ လောင်ကျွမ်းနေ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စသိန်းကျေးရွာကို စစ်ကောင်စီတပ်က မနေ့ညနေကတည်းက မီးရှို့ဖျက်ဆီးခဲ့ရာ ဒီနေ့မနက်ပိုင်းအထိ မီးလောင်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပေါက်မြို့ အရှေ့ဘက် အုန်းတောကျေးရွာဘက်သို့ ကားလေးစီးနဲ့ ဝင်ရောက်နေပြီး ကျေးရွာအတွင်း မွှေနောက်နေကာ ပြည်သူတွေကို ၈နာရီ အတွင်း ထွက်ခိုင်းနေတယ်လို့ Pauk Newsletter သတင်းပြန်ကြားရေး တာဝန်ခံ Salaiက ပြောပါတယ်။ မနေ့ညကလည်း ပေါက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး၊ မီးရှို့မှုတွေကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Public Service Announcement

Public Service Announcement

▪︎တန့်ဆည်နယ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလို့ နေအိမ်၂၅လုံးထက်မနည်း ပြာကျ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်ဘက်က ကူးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၂၀ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူနယ်နဲ့ ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှိူ့နေတဲ့ စစ်ကောင်စီတပ်ဟာ ‌နိုဝင်ဘာ ၂၁ ရက်က တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်ဟာ နနွင်းတောကျေးရွာကို မီးရှို့ဖျက်ဆီးသွားရာ နေအိမ် ၂၅လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းမှာ နွင်းတောကျေးရွာမှအရှေ့တောင်ဖက်သို့ ထွက်ခွာသွားပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး အင်အား ၂၀ဝ ကျော်ပါဝင်တယ်လို့ ဒေသတွင်း Voice Of taze က အသိပေးပါတယ်။

▪︎စစ်ကိုင်းနယ် မာလဲတောရွာရှိ ပျူခေါင်းဆောင်နေအိမ်နဲ့ ပျူစခန်းကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်နဲ့ ပျူစခန်းကို ဒရုန်း (၅)စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ Myinmu Revolution Force(MMRF) အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက စစ်ကိုင်းမြို့နယ် ပျူကြီးစိုးရာ မာလဲတောကျေးရွာရှိ ပျူခေါင်းဆောင်နေအိမ်နဲ့ ပျူစခန်းချရာနေရာတွေကို ညီနောင်အဖွဲ့များပူးပေါင်းကာ ဒရုန်း ၅ စီးနဲ့ ဗုံး(၅)လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးသွားပြီး ထိခိုက်သေဆုံးစာရင်းအတိအကျမသိရပေမယ့် ပစ်မှတ်ကိုတိုက်ရိုက်ထိခဲ့လို့ အရေအတွက်မနည်းနိုင်ဘူးလို့ MMRF က ခန့်မှန်းထားပါတယ်။

▪︎ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းမှာပညာရေးစုံညီပွဲတော် ကျင်းပ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှာ ဒီနေ့ မနက်ပိုင်းက ကြားကာလပညာရေးစုံညီပွဲတော်နဲ့ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပြည်သူ့အခြေပြုကျောင်းမှာ အခြေခံပညာ မူလတန်းမှ အထက်တန်းအထိ CDM ဆရာ၊ ဆရာမ ၂၃ ဦးက ကျောင်းသား၊ ကျောင်းသူပေါင်း ၄၇၀ ဦးကို ပညာသင်ကြားပေးနေတာပါ။ ပညာရေးစုံညီပွဲတော်ကို ဒေသခံပြည်သူအများအပြား တက်ရောက်ခဲ့ပြီး အကအလှအဖွဲ့ (၂၂)ဖွဲ့မှ ကပြဖျော်ဖြေခဲ့ကာ ပညာရည်ချွန်ဆု (၂၉) ဆုနဲ့ အားကစားထူးချွန်ဆု (၉၆)ဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။