Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (နိုဝင်ဘာ ၂၆ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎KNU တပ်မဟာ(၄) နယ်မြေမှာ နိုဝင်ဘာလဝက်အတွင်း တိုက်ပွဲ ၃၀ ကြိမ်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ဘိတ်၊ ထား၀ယ်ခရိုင်မှာ နိုဝင်ဘာလဝက်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုများပြားခဲ့တယ်လို့ KNU က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ရင်းများဖြစ်တဲ့ ခလရ-၂၂၄၊ ခမရ-၅၅၉၊ ခမရ-၅၆၀၊ ခမရ-၂၈၁၊ ခမရ- ၅၅၇၊ ခမရ-၅၅၈၊ ခမရ-၅၆၁ တို့နဲ့ တပ်ရင်းအမည်မသိသေးတဲ့ အခြားစစ်ကောင်စီတပ်ရင်းတွေက KNU တပ်မဟာ (၄) လယ်ကဆောမြို့နယ်၊ လယ်မူလားမြို့နယ်၊ ကစယ်ဒိုမြို့နယ်၊တနင်္သာရီမြို့နယ်နဲ့ လယ်ဒိုစိုးမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်လာလို့ တိုက်ပွဲများ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အရင်က တိုက်ပွဲဖြစ်ပွားမှုနည်းပါးခဲ့တဲ့ KNU တပ်မဟာ(၄)နယ်မြေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာလို့ နို၀င်ဘာ ၁ မှ ၁၆ ရက်အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၄၈ ဦးသဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ KNU လက်အောက်ခံတပ်များဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်မှ နှစ်ဦးကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။

▪︎ပုလောမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ငါးဦးသေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့နဲ့ ပဝတ်ကုန်းရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်​ပေါင်းစုက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးခန့်သေဆုံးခဲ့တယ်လို့ တနသာ်ရီတိုင်းစစ်​ဒေသခွဲမဟာမိတ်တပ်​ပေါင်းစုကသတင်းထုတ်ပြန်ပါတယ်။ ပုလောမြို့၊ ကဒဲကျေးရွာအနီးမှာ နိုဝင်ဘာ ၂၅ ရက် နေ့ခင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်​ရေးမဟာမိတ်တပ်​ပေါင်းစုကြား ​လေးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ နှစ်ဦးမှာလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့​တယ်လို့ ကာကွယ်ရေးတပ်တွေက ​ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း(၁) နဲ့ ဒေသခံကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့တာပါ။

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ကို PDFများကတိုက်ခိုက်ရာ စစ်သား ၅ဦးသေ

▪︎ပခုက္ကူမှာ အမျိုးသမီးနှစ်ဦး ဆိုင်ကယ်စီးလာလို့ စစ်ကောင်စီတပ် လိုက်လံပစ်ခတ်

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဒီနေ့ မနက်ပိုင်းက အမျိုးသမီးနှစ်ဦး ဆိုင်ကယ်စီးလာလို့ဆိုပြီး စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆိုင်ကယ်စီးနင်းချိန်မှာ တစ်ဦးတည်းသာ စီးနင်းဖို့ စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတဲ့ ပခုက္ကူမြို့မှာ ဒီနေ့ မနက်ပိုင်းက ပခုက္ကူမြို့ ရွှေချောင်းအဝိုင်းအနီး အမျိုးသမီးနှစ်ဦးဆိုင်ကယ်စီးလာတာကို စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတွေက ရပ်ခိုင်းရာ မရပ်လို့ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။ အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ ပခုက္ကူကျွန်းဘက်ကလို့ သိရပြီး ပစ်ခတ်ခံရတဲ့ အမျိုးသမီးနှစ်ဦးရဲ့ နောက်ဆုံးအခြေအနေကိုတော့ ထပ်မံမသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

▪︎ခင်ဦးနယ် မြစ်တော်ရွာကို စစ်အုပ်စု ဒီနေ့မနက် မီးရှို့ဖျက်ဆီး၊ အဘိုးအိုတစ်ဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒီနေ့ စစ်ကောင်စီတပ်က မြစ်တော်ကျေးရွာကို မီးရှို့သွားပြီး အဘိုးအိုတစ်ဦးကိုပါ ပစ်သတ်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ညက မြစ်တော်ကျေးရွာအတွင်း ညအိပ်ခဲ့တဲ့ အင်အား ၈၀ ကျော်ပါ စစ် ကြောင်းဟာ ကျေးရွာအတွင်းရှိ နေအိမ်တွေကို ဒီနေ့ မနက် ၇ နာရီလောက်ကစပြီး စတင်မီးရှို့ဖျက်ဆီးခဲ့တာလို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။ ဒါ့အပြင်စစ်ကောင်စီတပ်ဟာ မြစ်တော်ရွာမှာ အဘိုးအိုတစ်ဦးကို ပစ်သတ်သွားတယ်လို့ Khin U Special Force Organization-KSO အဖွဲ့က ဖော်ပြပါတယ်။ ဘယ်လိုပစ်သတ်သွားလဲဆိုတာ မသိရသေးပေမယ့် အသက် ၆၅ နှစ်အရွယ်ခန့်ရှိ ဦးလှဝင်းဆိုသူ အသတ်ခံရတာလို့ ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးငယ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မနက် ၉ နာရီခွဲခန်ံမှာ ကံသစ်ရွာထဲ ရောက်ရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

▪︎ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းမှာ ချပ်ကုန်းကျေးရွာသို့ ဝင်ရောက်မွှေနှောက်နေတယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။ ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ကိုးထောင်ဘို့ရွာမှာ ပြန်ဝင်သည်မှာ နှစ်ရက်သာရှိသေးတဲ့ စစ်ကြောင်းဟာ ဒီနေ့ မနက်ပိုင်းမှာ အင်အား ၅၃ ဦးနဲ့ မိဿလင်ကုန်းမှ စပါးတင်တဲ့ ကားတစ်စီးကို ချောဆွဲသွားကာ ချပ်ကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်မွှေနှောက်နေတာ ဆိုပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာလို့ ချပ်ကုန်း၊ ကိုင်းမ၊ ရှားချောင်း၊ မိဿလင်ကုန်း၊ နှောကုန်း၊ ဇီးကနားနဲ့ လျှော်ဖြူကုန်းရွာ (၇)ရွာမှ အပြစ်မဲ့ပြည်သူ ထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ကိုးတောင်ဘို့နယ် ချပ်သင်းရွာမှ စစ်ဘေးရှောင်ပြည်သူများအား တွေ့ရစဉ်၊ ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့

▪︎စစ်ကောင်စီရဲ့ ကျောက်စိမ်းတင်ယာဥ်အပါအဝင် စစ်ယာဉ်တန်းတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်မှာ စစ်ကောင်စီရဲ့ ကျောက်စိမ်းတင်ယာဥ်တန်း အပါအဝင် စစ်ယာဉ်တန်းကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြားသေဆုံးနိုင်တယ်လို့ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောပါတယ်။ မနေ့ မနက်ပိုင်းက မုံရွာ – မန္တလေးလမ်းမကြီးရဲ့ မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာမှာ မုံရွာကနေ မန္တလေးမြို့ဘက်လာတဲ့ ကျောက်စိမ်းကားကြီး လေးစီးနဲ့ နောက်မှကပ်ပါလာတဲ့ ကင်းကား တစ်စီးကို ပဒေသာမိုင်း (၇)လုံး နဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လေးစီးမြောက်ယာဉ်နဲ့ နောက်ဆုံး ကင်းကား တည့်တည့်ထိမှန်ပြီး ငါးဦးသေ သုံးဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေ့ခင်းပိုင်းမှာလည်း မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာမှာ မုံရွာမှ မန္တလေးမြို့ဘက်သို့လာတဲ့ စစ်ကားနှစ်စီးဟာ မိုင်းအသင့်ပြင်ထားရာ နေရာအရောက် ကားများရပ်တန့်ခဲ့တယ်လို့ သိရပါတယ်။

▪︎ဆားလင်းကြီးရဲစခန်းကို ဒရုန်း ခြောက်စီးနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးအမြောက်အများချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး​​သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့က ဆားလင်းကြီးမြို့နယ် ရဲစခန်းဝင်းအတွင်းကို ဒရုန်းများ၊ ဗုံးသီးအမြောက်အများနဲ့ ဘန်ကာများ၊ ရဲစခန်း၊ ရဲကင်း၊ အုပ်ချုပ်ရေးရုံးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအုပ်စုဝင် တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ် ရေစကြို(ပကဖ)အဖွဲ့က ပြောပါတယ်။ အဲဒီစစ်ဆင်ရေးကို ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Super Fighter PDF(ရေစကြို)၊ Zarmani People Defence Force-ZPDF၊ Myanmar Revolution Army-MRA၊ Salingyi Special Task Force(SSTF)နဲ့ ငဘပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ