AA နှင့် စစ်ကောင်စီ အလွတ်သဘောအပစ်ရပ်
ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်နဲ့ အလွတ်သဘော လူသားချင်း စာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒေသတွင်းမီဒီယာအချို့ကို အတည်ပြုပါတယ်။ ရခိုင်ပြည်သူတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အခုလို လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ် ရပ်စဲလိုက်တာလို့ သူက ဆိုပါတယ်။ လက်ရှိ အပစ်အခတ်ရပ်စဲလုပ်ပေမယ့် နိုင်ငံရေးရပ်တည်ချက် ပြောင်လဲမှာ မဟုတ်ဘူးလို့ AA ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဌ မစ္စတာဝါတာနာဘေးနဲ့ ဘဂ်လားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထိပ်တန်းအရာရှိများ နေပြည်တော်ကို လာရောက်အပြီးမှာ အခုလို စစ်ကောင်စီ တပ်နဲ့ AA တို့အကြား အလွတ်သဘောအပစ်ရပ်စဲခဲ့တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်ပြဇာတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းတိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းများ ထည့်သွင်း
နေပြည်တော်မှာ မနေ့ညက ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပဒေသာကပွဲမှာ ပြဇာတ်ကပြရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းထားတဲ့ ဇာတ်ဝင်ခန်းအချို့ ထည့်သွင်းကပြကာ တိုက်ခိုက်ဝါဒဖြန့်သွားတယ်လို့ ကြည့်ရှုလိုက်ရတဲ့ ပြည်သူအချို့က ပြောပါတယ်။ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုကာ စစ်ကောင်စီက နေပြည်တော်၊မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံမှာ ပဒေသာကပွဲ ပြုလုပ်ခဲ့တာပါ။ အဲဒီပဒေသာကပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်းတက်ရောက်ခဲ့ပြီး နိုင်ငံပိုင်ဝါဒဖြန့် MRTVကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)စီစဥ်တဲ့ ‘ပျော်ရွှင်ခြင်းအိမ်’ ပြဇာတ်မှာ ရန်အောင်၊ ရဲအောင်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ မေသဥ္ဇာဦး၊ မုဏ်း၊ ငြိမ်းချမ်း၊ ဒိန်းဒေါင်၊ စိုးသီဟ၊ နွှဲ့နွှဲ့စမ်းနဲ့ အမေများအဖွဲ့ စတဲ့သူတွေက ပါဝင်ပါတယ်။


ပခုက္ကူခရိုင်မှာ နှစ်လအတွင်း စစ်ကောင်စီစွန့်လွှတ်ရတဲ့ ရဲစခန်း သုံးခုရှိလာ
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းစစ်ကောင်စီတပ်က နှစ်လအတွင်း စွန့်လွှတ်လိုက်ရတဲ့ ရဲစခန်း သုံးခု အထိရှိလာပြီလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က ကျေးလက်များကို လက်လွှတ်ပြီး မြို့ပြများကို ထိန်းချုပ်နိုင်ဖို့အတွက် မကွေးတိုင်းရှိ နယ်မြေရဲစခန်းများကို လက်လွှတ်ပေးလာခြင်းဖြစ်တယ်လို့ အဲဒီတာ၀န်ရှိသူတွေက သုံးသပ်ပါတယ်။

Public Service Announcement

PDF များက မကြာခဏတိုက်ခိုက်လာပြီးနောက် စစ်ကောင်စီတပ်စွန့်လွှတ်လိုက်ရတဲ့ ရဲစခန်းများမှာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်ပါတယ်။

KNU တပ်မဟာ(၁) နယ်မြေရှိ စစ်ကောင်စီတပ်များ ပြောက်ကျားတိုက်ခိုက်ခံနေရ
ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေဒေသအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ခရိုင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒေသတွင်း စစ်ရေးသတင်းများအရ ကျိုက်ထို၊ ဘီးလင်းနယ်တွေမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းနဲ့တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ ရဲစခန်းနဲ့ တပ်စွဲရာနေရာအချို့ကို ပစ်ခတ်တိုက်ခိုက်ခြင်းများကို တော်လှန်ရေးအင်အားစုများက လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဒေသတွင်းမှာ စစ်ကောင်စီတပ်ကို ပြောက်ကျားတိုက်ခိုက်မှုဖြစ်စဉ်များ အမြဲတမ်းဖြစ်နေတယ်လို့ သထုံခရိုင်တာ၀န်ရှိသူက ပြောပါတယ်။

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဝင်အချို့ ဖမ်းဆီးခံရ၊ အဖွဲ့များနဲ့ အဆက်အသွယ်ရှိသူများ သတိထားဖို့လို
မန္တလေးမြို့ရှိ မြို့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့မှ အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတာကြောင့် အဲဒီအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိသူများ သတိထားကြဖို့ Annoymous Force MDY တာဝန်ခံ ဗိုလ်တိုက်ဂါးကပြောပါတယ်။ Annoymous Force MDY နဲ့ မဟာမိတ်တွေဖြစ်တဲ့ Truth Keeping AMA ၊ အမရပူရ PDF အဖွဲ့ဝင်တွေရဲ့ Safe House ဝင်စီးခံရပြီး ရဲဘော်အချို့ ပါသွားလို့ အဲဒီ အဖွဲ့တွေရဲ့ ပေ့ချ်တွေကို မဆက်သွယ်ကြဖို့နဲ့ ဆက်သွယ်ထားသူတွေ အမြန်ဆုံးရှောင်ရှားကြဖို့ အသိပေးထားတာပါ။ ပြောက်ပျားအဖွဲ့ဝင်အချို့ဟာ မနေ့ညက ဖမ်းဆီးခံရတာဖြစ်ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျန်ရှိတဲ့ ရဲဘော်များဘေးကင်းချိန်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်မယ်လို့ ဗိုယ်တိုက်ဂါးက ပြောပါတယ်။

စစ်တပ်ကြောင့် နေအိမ် ၁,၂၀၀ ကျော်မီးလောင်ပျက်စီးပြီး ပြည်သူ ၂၁ ဦး အသက်ဆုံးရှုံးခဲ့ရဟု အရာတော်(ပအဖ)အသိပေး
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုများကို သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ရာ အာဏာသိမ်းမှု ဖြစ်စဉ်မှ ဒီလအထိ နေအိမ် ၁,၂၆၅ လုံး မီးလောင် ပျက်စီးခဲ့ရကာ ပြည်သူ ၂၁ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာကို မီးတင်ရှို့ခဲ့မှု အခြေအနေကို ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ငွေတွင်းရွာခံ ပျူစောထီးတွေဟာ အရာတော်နယ် တောင်ပိုင်း၊ နွားမသင်းအရှေ့ကျေးရွာသို့ သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။


ဝက်လက်နယ်မှာ စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးပြီးနောက် ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ People’s Army To Fight Dictatorship အဖွဲ့က ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက မန်ကျည်းတုံကျေးရွာကို စစ်ကြောင်းထိုးပြီးနောက် ပြန်ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရပြီး လှတောကျေးရွာသို့ ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။


















































