▪︎CRPH နဲ့ NUG ကို သြစတြေးလျ တရားဝင်အသိအမှတ်ပြုဖို့ ဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကို သြစတြေးလျ အစိုးရနဲ့ လွှတ်တော်က တရားဝင်အသိအမှတ်ပြုဖို့ မနေ့က ဆွေးနွေးခဲ့တယ်လို့ CRPH က ဒီနေ့ ထုတ်ပြန်ပါတယ်။ CRPH နဲ့ သြစတြေးလျလွှတ်တော်အမတ်တွေဟာ မနေ့က အွန်လိုင်းကနေ မြန်မာ့အရေးဆွေးနွေးခဲ့ရာမှာ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။ဆွေးနွေးပွဲမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုများနဲ့ ဆိုးရွားတဲ့ လုပ်ရပ်များကို တားဆီးကာကွယ်နိုင်ရေး စတာတွေပါဝင်ပါတယ်။ နောက်ပြီး ဒီမိုကရေစီပြန်လည်ရရှိပြီး ငြိမ်းချမ်းသာယာစွာ ပြည်သူများ နေထိုင်နိုင်ရေး၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့ အခြားသော နိုင်ငံရေးဦးဆောင်သူများက အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့တယ်လို့ CRPH က ဖော်ပြပါတယ်။

▪︎ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီ သေဒဏ်ချမှတ်မှုအပေါ် GSC ကန့်ကွက်
အကြမ်းဖက်စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို မတရားသဖြင့် သေဒဏ်ချမှတ်ခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေ သပိတ်ကော်မတီ (GSC)က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်အုပ်စုဟာ ဒဂုံတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ကိုခန့်ဇင်ဝင်း၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဇော်လင်းနိုင်နဲ့ ကိုခန့်လင်းမောင်မောင်တို့ကို နိုဝင်ဘာ ၃၀ ရက်က အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တော်လှန်နေကြတဲ့ ကျောင်းသားလူငယ်တွေကို သေဒဏ်ပေးခြင်းဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နောက်ထပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်ပြီး စစ်အုပ်စုရဲ့လုပ်ရပ်ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး စံနှုန်းတန်ဖိုးတွေကို သေဒဏ်ချလိုက်တာဖြစ်လို့ GSC က အပြင်းအထန်ကန့်ကွက်ထားပါတယ်။ ပြည်သူတွေအပေါ် ကျူးလွန်မှုအလုံးစုံကို မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုက မလွဲမသွေ ပြန်လည်ပေးဆပ်ရမယ်လို့ ကြေညာပါတယ်။
▪︎အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ရဲ့ ပထမဆုံးမစ်ရှင်အောင်မြင်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အ.ထ.ကကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force အဖွဲ့က ပြောပါတယ်။ မနေ့ မနက်က မြင်းမူမြို့ အ.ထ.က(၁) ကျောင်းဝင်းအတွင်း စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းနဲ့သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ဆောင်မှုဟာ MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ရဲ့ ပထမဆုံးမစ်ရှင်ဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
▪︎ထီးချိုင့်နယ်ကို မီးရှို့တဲ့ စစ်ကောင်စီတပ်ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့ ထပ်မံတိုက်ခိုက်
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုလုပ်နေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်သေဆုံးမှုရှိပြီး ဒုတပ်ကြပ်တစ်ဦးရဲ့ ရုပ်အလောင်း ဒီနေ့ မနက်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း စစ်ကောင်စီတပ်ဟာ ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ်ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နဲ့ လေသာကျေးရွာတို့ကို မီးရှို့ခဲ့သလို လေကြောင်းကနေလည်း ပစ်ခတ်ခဲ့ပါတယ်။

▪︎စစ်ကောင်စီတပ်ဂိတ်ကို ပုလော PDF များတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဟုဆို
တနင်္သာရီတိုင်း၊ ပုလောမြို့၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဂိတ်ကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၇ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်၊တပ်ရင်း(၁)ရဲ့ ပြန်ကြားရေး တာဝန်ခံကပြောပါတယ်။ မနေ့ နေ့ခင်း ၁၂ မှ ညနေ ၅ နာရီအထိ တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေနတ်တစ်လက်နဲ့ ကျည်ဘောက် (၅)ခုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထိတွေ့မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွဲနိုင်ခဲ့ တယ်လို့ သိရပါတယ်။

▪︎စစ်ကောင်စီရဲ့ ရိက္ခာတင်ယာဉ် မြိုင်နယ်မှာ နှစ်ရက်ဆက် တိုက်ခိုက်ခံရ
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ယာဉ်ကို နှစ်ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး ရိက္ခာကားနဲ့ အလောင်းများကို စစ်အုပ်စုက မီးရှို့ဖျောက်ဖျက်သွားခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလက်ျာက အသိပေးပါတယ်။ နိုဝင်ဘာ ၃၀ ရက်က ပခုက္ကူမြို့နယ် ကမ္မမြို့ဘက်မှ ကျောက်ခွက်စခန်း၊ ဖလန်ကိုင်းစခန်းတွေကို ရိက္ခာပို့ဖို့ ထွက်လာတဲ့ ယာဉ်တစ်စီးကို မနေ့ မနက်အစောပိုင်းက ကာကွယ်ရေးအဖွဲ့တွေက စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အီနာဂါ အလုံးရေ(၅၈)လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့တယ်လို့ ကိုလက်ျာက ပြောပါတယ်။ ဒီနေ့ မနက်မှာတော့ နယ်သတ်ရွာထဲ ဝင်လာတဲ့ စစ်ကောင်စီတပ်သား ၇ ဦးကို မိုင်းအကြီး လေးလုံးနဲ့ တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
▪︎ကုန်းသာနဲ့ သေးဆူလဲနယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကရင်နီတပ်ပေါင်းစု KRU ထုတ်ပြန်
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်များထိန်းချုပ်ထားတဲ့ ကုန်းသာနဲ့ သေးဆူလဲကျေးရွာနယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ဒီနေ့ထုတ်ပြန်ပါတယ်။

ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနဲ့ အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေကို မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေတယ်လို့ ဖော်ပြပါတယ်။

စစ်ရေးအရ ပြောရင် နန်းမယ်ခုံ-ဒီးမော့ဆို တကြောကို ပြန်ထိန်းချုပ်နိုင်ဖို့ အနည်းငယ်ပဲလိုတော့တယ်လို့ KRU တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုနဲ့ စစ်ရေးအခြေအနေများကို KNDF က သီးခြားထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

▪︎စစ်ကောင်စီတပ်နဲ့ မပတ်သက်ကြဖို့ KIA ထပ်မံသတိပေး
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉) နယ်မြေအတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများအားလုံးအနေနဲ့ မိမိပိုင်ဘာသာရေး အဆောက်အဦး၊ ကျောင်းဝင်းများအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များရဲ့ စစ်ကြောင်းများကို ခေတ္တနားနေခြင်းဖြစ်စေ၊ ညအိပ်ညနေ စခန်းချနေထိုင်ခြင်းဖြစ်စေ ဘယ်လိုနည်းနဲ့မျှ ခွင့်မပြုဖို့ ထပ်မံတားမြစ်လိုက်ပါတယ်။ အိမ်စီးကားများ၊ ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုမ္ပဏီသုံးယာဉ်များအနေနဲ့လည်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ပစ္စည်းလက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာများ သယ်ဆောင် ပေးခြင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင်ပေးခြင်း ၊ မိုးကာအုပ်ကာ သွားလာခြင်းများ မပြုကြဖို့ KIAက အသိပေးပါတယ်။ တားမြစ်သတိပေးချက်တွေကို မလိုက်နာပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို KIA တပ်မဟာ ၉ က တာ၀န်ယူမှာမဟုတ်ဘူးလို့ ကြေညာပါတယ်။



















































