ရန်ကုန်တိုင်း တိုက်ကြီးမြို့တွင် စစ်ဆင်ရေးနှစ်ခုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မည်စိုးသောကြောင့် အဓိကပြုလုပ်မည့် စစ်ဆင်ရေး ဖျက်သိမ်းခဲ့ရကြောင်း Nemesis Revolution Force – Yangon Regionမှ တာဝန်ရှိသူက ပြောသည်။
“ဖြစ်ချင်တော့ နတ်ပွဲလိုလို တခုကစည်ကားနေတော့ လူအသွားအလာမပြတ်တာနဲ့ နောက်ဆုတ်လိုက်တာပါ။ တကယ်က ဆုတ်လိုက်ရတာက အဓိက Mission ပါ။ကျွန်တော်တို့ ထပ်တလဲလဲ သတိပေးတဲ့ကြားထဲက ပြည်သူတွေက မလိုက်နာပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ မလိုက်နာပေမယ့် ပြည်သူတွေက တကယ်တော့ ကျွန်တော် တို့ပဲလေဆိုတဲ့ စိတ်နဲ့ အမြဲနောက်ဆုတ်ရပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ရည်ရွယ်ထားသည့် မစ်ရှင်နှစ်ခုအနက် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက် တိုင်ဖြစ်သော တိုက်ကြီးမြို့နယ် MPT ရုံးကို ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ပစ္စည်းထိခိုက်မှုများရှိကြောင်း အတည်ပြုနိုင်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement
“နောက်နောင်တွင် အကြမ်းဖက်စ်ကောင်စီအား ဝင်ငွေရှာပေးနေသည့် ကျည်ဆံဖိုးအခွန်ဆောင်နေသောဝန်ထမ်းများနှင့် စစ်ခွေး များနှင့် နီးကပ်စွာနေထိုင်ဆက်ဆံနေသောသူများအား၎င်းတို့၏ထိခိုက်မှုနှင့်အသက်အန္တရာယ်ကို လုံးဝအာမခံမည်မဟုတ်ပါ။” ဟု Nemesis Revolution Force – Yangon Region ကထုတ်ပြန်ထားသည်။
Nemesis Revolution Force – Yangon Region အဖွဲ့သည် ယခင်က ရန်ကုန်မြို့၌ လှုပ်ရှားခဲ့သော UG များဖြစ်ပြီး အထက်ပါမစ်ရှင်သည် ရန်ကုန်မြို့၌ ပထမဆုံးပြန်လည်လုပ်ဆောင်သည့် စစ်ဆင်ရေးဖြစ်သည်ဟု ၎င်းက ဆိုသည်။
“တကယ်က ကျနော်တို့က လူဟောင်းတွေပါ။ ရန်ကုန် UG တွေပေါ့ ။ကိစ္စတခုကြောင့် တိမ်းရှောင်ရင်း တောခိုလိုက်ကြတာပါ။ ဒါပေမယ့် ရန်ကုန်ကို အခြေပြုပြီးပဲ တိုက်ပွဲဝင်ချင်တာကြောင် အခုလို အသစ်အနေ နဲ့ ပြန်ဖော်ဆောင်တာက ဒါပထမဆုံး mission ပါ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။


















































