Connect with us

Hi, what are you looking for?

သတင်း

PDFစစ်ရုံးချုပ် ထူထောင်ထားပြီး စစ်ဆင်ရေးဌာနအပါအဝင် ဌာနကြီး ၅ခုဖွဲ့စည်းထားဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

ဒီဇင်ဘာ ၇ရက်က PDF ရဲဘော်များသို့ ပြည်ထောင်စုဝန်ကြီး၏ အသံလွင့် ပြောကြားချက်တွင် ထိုသို့ အသိပေးလိုက်ခြင်းဖြစ်သည်။

(ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစခန်းတစ်နေရာအား စစ်ဆေးနေစဉ်)
(ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှေ့တန်းစခန်းတစ်နေရာအား စစ်ဆေးနေစဉ်)

▪️မဟာမိတ်EROများ၏ ကွပ်ကဲမှုဖြင့် စစ်ဆင် ရေးဆင်နွှဲခြင်းဖြစ်၍ ရှေ့တွင်ပိုမိုထိရောက်မည်ဟုပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)စစ်ရုံးချုပ်ကိုပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်က စတင် ဖွဲ့စည်းထူထောင်ခဲ့ပြီဖြစ်ပြီး ဌာနကြီး (၅)ခုပါဝင်ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဒီဇင်ဘာ ၇ရက်က PDF ရဲဘော်များသို့ ပြည်ထောင်စုဝန်ကြီး၏ အသံလွင့် ပြောကြားချက်တွင် ထိုသို့ အသိပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဌာန(၅)ခုမှာ စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာန နှင့် ပြည်သူ့လုံခြုံရေးဌာန တို့ဖြစ်ပြီး ဌာနအလိုက် ဌာနခွဲများ ပူးပေါင်းပါဝင်ပြီး စစ်ဦးစီးရုံးက တိုက်ရိုက်တာဝန်ပေးဆောင်ရွက်သည့်အထူးရုံးများလည်း ပါဝင်မည်ဖြစ်ကြောင်း အသိပေးသည်။

“စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သား အရာရှိနဲ့ ရဲဘော်တွေဟာလည်း ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ ဌာနခွဲတွေမှာ ပါဝင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်တယ်။ အခုဆိုရင် PDF တပ်မတော်မှာ စစ်ရုံးချုပ်၊ မြောက်ပိုင်းတိုင်း/ အလယ်ပိုင်းတိုင်း/ တောင်ပိုင်းတိုင်း စစ်တိုင်း ၃ ခုနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့များ ရှိလာပြီ ဖြစ်တယ်။ တပ်မတော်တစ်ရပ်ရဲ့ ဦးရေးထောက် လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့များအကြား ပုံမှန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီဆိုတာ အသိပေးလိုတယ်” ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တစ်ဖက်တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖွဲ့စည်းသည့် စစ်ဒေသ ( ၃ )ခုရှိပြီး စစ်ဒေသမှူးများအဖြစ် မဟာမိတ် EROs များ၏ စစ်ဖက် ထိပ်တန်းခေါင်းဆောင်များ တာဝန်ယူထားသည်ဟု ဆိုသည်။

“စစ်ဆင်ရေးဆောင်ရွက်တဲ့အခါမှာတော့ စစ်ဒေသမှူးများဦးဆောင်တဲ့ စစ်ဒေသကွပ်ကဲရေး တာဝန်ရှိသူအဆင့်ဆင့်ရဲ့ ဦးဆောင်ကွပ်ကဲမှုကို ခံယူကြရမှာဖြစ်တယ်။ PDF စစ်ရုံးချုပ် ထူထောင်နိုင်ပြီဖြစ်တဲ့အတွက် ငါတို့တပ်မတော်ရဲ့ Chain of Command တည်ဆောက်မှုဟာ ပိုပြီး စနစ်တကျရှိလာပြီလို့ ဆိုရမယ်။ စစ်ရေးအတွေ့အကြုံရှိပြီးသား ခေါင်းဆောင်များရဲ့ ဦးဆောင်မှုနဲ့ ဆင်နွှဲတဲ့ စစ်ဆင်ရေးအစီအစဥ်တွေဟာ ရှေ့မှာပိုပြီး ဗျူဟာမြောက် ပိုပြီးထိရောက်အောင်မြင်မှုရှိလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လက်ရှိ ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် အမိန့်ပေးကွပ်ကဲမှုစနစ် Chain of Command အသားသေပြီးသား စစ်တပ်တစ်ခုဖြစ်သည်ကို မမေ့ရန်လိုအပ်ကြောင်းလည်း ၎င်းက သတိပေးသည်။

“ပြည်သူ့တော်လှန်ရေးအောင်မြင်ဖို့ဆိုရင် Chain of Command ကောင်းတဲ့ ပြည်သူ့စစ်တပ်ကို ငါတို့တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီတော်လှန်ရေးက ဖက်ဆစ်စစ်တပ်နဲ့ ပြည်သူ့စစ်တပ် စစ်တပ်နှစ်ခု ယှဥ်ပြိုင်တိုက်ခိုက်နေတဲ့ တိုက်ပွဲလည်း ဖြစ်တယ်။ အနာဂတ်မရှိတော့တဲ့ ဖက်ဆစ်စစ်တပ်ဟာ အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုတွေကို မျက်ကန်းတစ္ဆေမကြောက် ကျူးလွန်ကြလိမ့်မယ်။ PDF တပ်မတော်ကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ ရှေ့ပြေးအမြုတေအဖြစ် ထူထောင်တာ ဖြစ်တဲ့အတွက် ငါတို့တပ်မတော်ရဲ့ ဂုဏ်ကို ငါတို့ စောင့်ထိန်းကြရမယ်”ဟု ဝန်ကြီးက ပြောသည်။

စစ်ဖက်ဆိုင်ရာကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို ု အတိအကျလိုက်နာခြင်းသည် PDF တပ်မတော်၏ ဂုဏ်ဖြစ်သည်၊ PDF တပ်မတော် ၏ အနာဂတ်ဖြစ်သည်ကို ရဲဘော်များအားလုံး သတိချပ်စေလိုသည်ဟုလည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ