စစ်ကိုင်းတိုင်းက အိမ်ခြေသုံးသောင်းနီးပါးဖြင့် အများဆုံးမီးရှို့ခံရ
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ အာဏာသိမ်းပြီးချိန်မှ ယခုနှစ် နိုဝင်ဘာလကုန်ပိုင်းအထိ အရပ်သား ပြည်သူလူထုနေအိမ် အနည်းဆုံး ၃၈,၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmarက ယနေ့ ထုတ်ပြန်သည်။
စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၈,၃၈၃လုံး ပျက်စီးဆုံးရှုံးခဲ့ရာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၇,၄၉၆ လုံးဖြင့် အများဆုံးမီးရှို့ခံခဲ့ရပြီး မကွေးတိုင်းက ၇,၈၁၈ လုံးဖြင့် ဒုတိယအများဆုံး မီးရှို့ခံခဲ့ရသည်ဟု ဖော်ပြသည်။ တတိယအများဆုံးမှာ ချင်းပြည်နယ် ဖြစ်ပြီး ၁,၄၇၅ လုံးဖြစ်ကြောင်း Data for Myanmarက ဆိုသည်။
“အခုလို မီးရှို့တဲ့အပေါ် ပြည်သူလူထုက ပိုပြီး နစ်နာဆုံးရှုံးတယ် ဒုက္ခတွေခံရတယ်။ သူတို့ဘ၀တွေ ပျက်စီးတယ်။ အနှစ်နှစ်အလလ စုဆောင်းပြီး ဆောက်ခဲ့ရတဲ့ အိုးအိမ်တွေပျက်စီးတော့ကျတော့ သူတို့မှာဒုက္ခတွေ အကြီးအကျယ်ရောက်တာပေါ့။ ဒီလိုမီးရှို့လိုက်ခြင်းအားဖြင့် ပြည်သူလူထုက သူတို့အပေါ်မှာ ပိုပိုပြီးတော့ နာကျည်းမှုတွေများလာတယ်”ဟု မကွေးတိုင်း ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ မီးရှို့လိုက်ခြင်းကြောင့် ယခင်က စစ်တပ်ထောက်ခံသူများပါ ၎င်းတို့ နေအိမ်များ ဆုံးရှုံးသွား၍ စစ်ကောင်စီတပ်ကို နာကျည်းသွားစေပြီး စစ်ကောင်စီကို တော်လှန်နေသူများနှင့် ပူးပေါင်းဆောင်ရွက်လာခြင်းရှိသည်ဟု ဆိုသည်။

Public Service Announcement
“သူတို့(စစ်ကောင်စီ)ဘက်က ဒီလိုရွာတွေကို မီးရှို့လိုက်ခြင်းအားဖြင့် သူတို့ အနိုင်ရလိမ့်မယ် သူတို့အားသာလိမ့်မယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ မီးရှို့လေ သူတို့အတွက် ဆုံးရှုံးလေ၊ သူတို့အတွက် အန္တရာယ်များလေပဲ။ ပြီးတော့ ဒီလိုလုပ်တာဟာလည်း လူ့အခွင့်အရေးနဲ့မညီဘူး။ လက်နက်တွေနဲ့ ဝေဟင်ကနေ ပစ်တာ အခုလို မီးရှို့တာတို့က တကယ့်ကို စစ်ရာဇဝတ်မှုတွေ ဂျီနိုဆိုက်ပုံစံမျိုးမြောက်နေတယ်။ ဒါမျိုးတွေ တစ်နေ့နေ့ တစ်ချိန်ချိန် အဲဒီနဲ့ ထိုက်သင့်တဲ့ အပြစ်တွေ ပြန်လည်ပေးဆပ်ရလိမ့်မယ် ခံရလိမ့်မယ်လို့ပဲ ပြောချင်ပါတယ်”ဟု မကွေးတိုင်း ဒေသခံက ပြောသည်။
နေအိမ် ၂၇,၀၀၀ ကျော် မီးရှို့ခံခဲ့ရသည့် စစ်ကိုင်းတိုင်းတွင် နေအိမ်ပျက်စီးမှု အများဆုံးမှာ ပုလဲ၊ ခင်ဦး၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်များဖြစ်ပြီး မြို့နယ်တစ်မြို့နယ်လျင် နေအိမ်ပေါင်း ၂,၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု Data for Myanmar က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၌ မြို့နယ်ပေါင်း ၃၇မြို့နယ် ရှိသည့်အနက် မြို့နယ် ၃၂ မြို့နယ်တွင် နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်များ ရှိခဲ့သည်ဟုဆိုသည်။ ကလေး၀၊ ခန္တီး၊ လေရှိး၊ လဟယ်နှင့် နန်းယွန်း မြို့နယ် ၅ခု၌ မီးရှို့ခံရသည့်ဖြစ်စဉ်မရှိခဲ့ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကော်စီတပ်သည် ယခုဒီဇင်ဘာလအတွင်း၌လည်း စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ မီးရှို့ရာတွင် စစ်ကြောင်းများခွဲပြီး ကျေးရွာများကို လိုက်လံမီးရှို့လျက်ရှိရာ ထီးချိုင့်မြို့နယ်တွင် တစ်နေ့အတွင်း ရွာ ၈ရွာမီးရှို့ခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ဒေသခံက ပြောသည်။
မီးရှို့ရာတွင် စပါးပေါ်ချိန်ဖြစ်၍ စပါးကျီများကို ပစ်မှတ်ထားမီးရှို့မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်လျက်ရှိသည်ဟု ထီးချိုင့်ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့၍ ဒေသတွင်းရှိ အရပ်သားပြည်သူများစွာ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသည်။
မီးရှို့ခံရသည့် ဖြစ်စဉ်ဖြစ်ပွားကြောင်း သိရသော်လည်း အရေအတွက်နှင့် နေ့စွဲမပြည့်စုံသည့် အချက်အလက်များကို ချန်ထားခဲ့ရ၍ မြေပြင်၌ မီးရှို့ခံရသည့် အရေအတွက် ပိုများနိုင်ကြောင်း Data for Myanmar က အသိပေးထားသည်။


















































