▪︎ရွာ ၄ရွာမှ ဒေသခံ တစ်ထောင်ခန့်စစ်ဘေးရှောင်ရ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာ နှင့် ဟူမန်းကျေးရွာအနီးတစ်ဝိုက်တွင်တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ငါးရက်မြောက်တိုက်ပွဲဆက်လက်ပွားဖြစ်နေကြောင်း TNLAက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၇ရက် နေ့လည်ပိုင်းမှ စတင်ခဲ့သည့် တိုက်ပွဲမှာ ယနေ့ ၅ရက်မြောက်နေ့ဖြစ်ပြီးနေ့ရောညပါတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများ အသုံးပြု တိုက်ခိုက်လျက်ရှိသည်။
ယမန်နေ့ ည ၆နာရီမှ ယနေ့မနက် ၆နာရီအထိ စစ်ကောင်စီတပ်မှ လက်နက်ငယ်များဖြင့်တစ်ဖက်သတ်ပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းမှလည်း ကင်းထောက်မှု ပြုလုပ်ခဲ့သည်ဟု TNLAက အသိပေးသည်။

ယခင်နေ့များကလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် သုံးပြီး ၄ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ယမန်နေ့ တစ်ရက်တည်း လေကြောင်းမှ ၁၁ကြိမ်လာရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
စစ်ကောင်စီတပ်ကနမ့်ဆန်မြို့နယ်တွင် လေကြောင်းမှတိုက်ခိုက်သော တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များမှ တတံဦးလေတပ်မှ ထွက်ခွာတိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်မှ အမည်မဖော်လိုသူအချို့ကပြောသည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဗုံးကျဲတိုက်ခိုက်မှုနှင့် AA ကိုတိုက်ခိုက်သောတိုက်ပွဲများတွင် တံတားဦးလေတပ်မှ တိုက်လေယာဥ်များကတိုက်ခိုက်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်က TNLA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ရွာ ၄ရွာမှပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု TNLAက အသိပေးသည်။
စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်များ ပျက်စီးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟုလည်းသိရသည်။
တိုက်ပွဲအတွင်း နှစ်ဖက် တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သော်လည်း TNLA၏ သတင်းထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြထားမှုမရှိပေ။
စစ်ကောင်စီတပ်က TNLA စခန်းရှိရာသို့ လေကြောင်းမှ လူချသလို ၊ကုန်းကြောင်းမှပါလာရောက်တိုက်ခိုက်သဖြင့် TNLA ကစစ်ကောင်စီတပ်ကို ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။ရှမ်းမြောက်ဒေသခံအချို့က စစ်ကောင်စီတပ်ကို TNLAက ပိတ်ဆို့ထားနိုင်သည့် အခြေအနေကြောင့် စစ်ကောင်စီတပ်မှ အထိနာခဲ့ကြောင်း ပြောပြသည်။ ထို့ကြောင့်လေကြောင်းမှ ချသော စစ်ကောင်စီတပ်သားများကို ပြန်ထုတ်ရန်စစ်တပ်ကကြိုးစားသော်လည်း TNLAကပိတ်ဆို့တိုက်ခိုက်ထား၍ ပြန်ကယ်ထုတ်မရကြောင်းလည်းဒေသခံအချို့ကပြောသည်။
“ရေရှည်ဖြစ်နိုင်တာလားဆိုတာကဒါကတော့စစ်အာဏာရှင်က တော်လှန်ရေးအင်အားစုကို တိုက်ခိုက်တာ လုပ်ရိုးလုပ်စဉ်ဖြစ်တယ်။ သူတို့က ကျနော်တို့ ရှိတဲ့နေရာတည့်တည့်ကို လူလာချလို့တိုက်ပွဲတွေဖြစ်တာ။ အဲဒါကြောင့် တိုက်ပွဲက ပြင်းထန်တယ်” ဟု တအာင်းတပ်မတော်(TNLA) သတင်းနှင့် ပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
