မော်လမြိုင် – ရန်ကုန်ပြေးစွဲမည့် လေအိတ်ရထားခရီးစဥ် ဖျက်သိမ်း
မွန်ပြည်နယ် သထုံမြို့ဘက်မှထွက်လာသည့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများတင်ဆောင်လာသောရထား မိုင်းခွဲခံရပြီး တွဲ (၉)တွဲ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲခန့်က သထုံမြို့မှတဆင့် မော်လမြိုင်မြို့ဘက်သို့ထွက်လာသည့် DF – 1343 ရ ထားတွဲအား သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာ (၁)၊ တပ်ရင်း (၂)လက်အောက်ခံတပ်ဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်းမှူးတစ်ဦးက တိုင်း ရင်းသားဒေသအခြေစိုက် Salween Press မီဒီယာသို့ ဖြေကြားထားသည်။




အထက်ပါ ရထားတွဲမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင် – ရန်ကုန် လေအိတ်ရထား ည ၈ နာရီခရီးစဥ်အား ဖျက်သိမ်းလိုက်ရပြီး လက်မှတ်ဝယ်ယူထားသူများအား ငွေပြန်အမ်းမည့်အကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားက ဒီဇင်ဘာ ၁၃ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်ခံရသော ရထားသည် ခရီးသည်တင်ရထားတွဲများပါဝင်ခြင်းမရှိဘဲ ကုန်ပစ္စည်းအချို့နှင့် စစ်တပ်၏ လက်နက်ခဲယမ်းများတက်ဆောင်လာသည့် ရထားခရီးစဥ်တစ်ခုလည်းဖြစ်သည်။
