Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီပါဝင်မည့် မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲက ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကိုသာ ကျဆင်းစေမည်ဟု NUG ပြောရေးဆိုခွင့်ရှိသူပြော

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု – AJAY မှ ကိုနန်းလင်းကလည်း မြန်မာ့အရေးအဖြေမထွက်သည်မှာ အာဆီယံအဖွဲ့ကြီး၏ ချဥ်းကပ်နေသော မူဝါဒများနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီကို အရာပေး၊ နေရာပေး ချော့မြူပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ကိုင်နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီလကုန်ပိုင်းတွင်ဘန်​ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ်က စစ်​ကောင်စီ ဝန်ကြီးဝဏ္ဏ​မောင်လွင်ကို​တွေ့ဆုံခဲ့စဥ်။ ။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎မြန်မာပြည်သူများ၏ သဘောထားဆန္ဒကို လေးစားရန်၊ နိုင်ငံအတွင်း ဖြစ်နေသည့်အနေအထားတစ်ခုလုံးကို မြင်အောင်ကြည့်ရန် စောင့်ကြည့်သူများ တိုက်တွန်း

အာဆီယံအစည်းအဝေးများတွင် ပါဝင်တက်ရောက်ခွင့်မရသည့် အကြမ်းဖက်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ထိုင်းနိုင်ငံသို့ဖိတ်ကြားကာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ပြုလုပ်မည့်လုပ်ရပ်မှာမြန်မာ့အရေးကိစ္စအတွက် အကျိုးထူးမည်မဟုတ်ဘဲ ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကို ကျဆင်းစေမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရNUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

လာမည့် ဒီဇင်ဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံက အာဆီယံနှင့်မသက်ဆိုင်သည့်(Non-ASEAN) မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲတစ်ရပ်ကို လက်ခံကျင်းပမည်ဖြစ်ကြောင်း Thai PBS World က ဒီဇင်ဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။ အဆိုပါအလွတ်သဘောဆွေးနွေးပွဲသို့စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တက်ရောက်မည်ဟုဆိုသည်။

“မြန်မာနိုင်ငံအရေးကိစ္စကို အမှန်တကယ်ကူညီဖြေရှင်းပေးချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ အမှန်တကယ် ဘာတွေဖြစ်နေတယ်ဆိုတာကို သိအောင်လုပ်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့အသံကို ကြားအောင်နားထောင်ဖို့လိုပါတယ်။ ဒီကိစ္စမှာပါဝင်ပြီးအကြမ်းဖက် စစ်အုပ်စုရဲ့ သွေးစွန်းနေတဲ့လက်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ကြတဲ့ အာဆီယံနိုင်ငံအချို့ကိုလဲ ကျေးဇူးတင်ပါတယ်” ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မှတ်ချက်ပြုသည်။

ထိုင်းနိုင်ငံတွင် ကျင်းပမည့်အထက်ပါဆွေးနွေးပွဲ အတည်ဖြစ်ပါက မြန်မာ့အရေးကိစ္စနှင့်ပတ်သက်၍ အာဆီယံသည် အသုံးမကျဘူးဆိုသည့်သဘောမျိုးကို ထိုင်းနိုင်ငံက ကမ္ဘာကြီးကို ထုတ်ဖော်ပြောကြားသလိုဖြစ်နေကြောင်းအမေရိကန်ပြည်ထောင်စု Carleton College ၏ နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ ဒေါက်တာထွန်းမြင့်က သုံးသပ်သည်။

Public Service Announcement

Public Service Announcement

“ထိုင်းနိုင်ငံကိုယ်တိုင်က စစ်အာဏာရှင်အောက်မှာပဲရှိတယ်။ စစ်အာဏာရှင်အချင်းချင်းသို့မဟုတ်စစ်အာဏာရှင်တွေကို ထိန်းချုပ်ထားတဲ့ စီးပွားရေးခရိုနီတွေကနေ သူတို့တတွေရဲ့ ဂွင်တွေကို ကျဥ်းလာတဲ့အတွက် ချဲ့ရတဲ့သဘော။ သူတို့ စီးပွားရေးတိုက်ရိုက်ထိခိုက်မှုဖြစ်နေတဲ့အတွက် သူတို့အနေနဲ့ ဂွင်တစ်ခုကို ဖန်တီးတာလည်းဖြစ်နိုင်တယ်။ ဖြစ်နိုင်တာကစစ်အာဏာရှင်အချင်းချင်း၊စစ်အာဏာရှင်နှစ်ခုစလုံးကို ကိုင်ထားတဲ့စီးပွားရေးသမားတွေရဲ့သူတို့ရဲ့စားခွက်ကို ထိခိုက်လာတဲ့အတွက်လမ်းဖောက်တာလည်းဖြစ်နိုင်တယ်” ဟု၎င်းကဆက်ပြောသည်။

ထိုင်းနိုင်ငံသည် တရားမဝင် အာဏာသိမ်းစစ်ကောင်စီနှင့် ယခုနှစ်အတွင်း ပိုမို ဆက်ဆံမှု ပြုလုပ်လာပြီး မကြာသေးမီကပင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ခန့်အပ်ခြင်း၊ စစ်တပ်အချင်းချင်းအကြား ကူးလူးဖလှယ်မှု၊ နယ်စပ်လျှောက်တော်လှန်ရေးအဖွဲ့အစည်းများရှိနေမှုအပေါ် အပြန်အလှန်ဖိအားပေးမှုများ ရှိနေသည်ကို တွေ့ရကြောင်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီACDDစည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

အထက်ပါ မြန်မာ့အရေးဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများလည်း တက်ရောက်နိုင်ကြောင်း ဖော်ပြထားပြီး မည်သည့်နိုင်ငံများ တက်ရောက်မည်ဆိုသည်ကို မသိရသေးပေ။ က​​မ္ဘောဒီးယား ၊လာအို စ​သောနိုင်ငံများတက်​ရောက်နိုင်ပြီး အင်ဒိုနီးရှား၊​မ​လေးရှား၊စင်ကာပူစ​​သောနိုင်ငံများက ထိုင်း၏လုပ်ရပ်အ​​ပေါ်​မေးခွန်းထုတ်​နေ​ကြောင်း People’s Spring ကစုံစမ်းသိရသည်။

ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်သည့် ယင်းအစည်းအဝေးသို့ ဗီယက်နမ်နှင့် လာအိုကဲ့သို့ နိုင်ငံအချို့က တက်ရောက်နားထောင်သည်မျိုး ရှိလာနိုင်ပြီး အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများ တက်ရောက်မည်၊ မတက်ရောက်မည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း မသဉ္ဇာရွှန်းလဲ့ရည်က ပြောသည်။

“အရေးကြီးတာ ဘာလဲဆိုတော့ ဒီလိုမျိုး မြန်မာပြည်ထဲမှာ အပြန်အလှန် တိုက်ပွဲဝင်နေကြရတဲ့ အနေအထားမှာ စကစကို ထိတွေ့လိုက်ခြင်းအားဖြင့် ဘက်ယူလိုက်သလိုဖြစ်တယ်။ fair တရားမျှတခြင်းတယ်ဆိုရင် စစ်တပ်ဘက်ကို အလွတ်သဘော ခေါ်ယူတွေ့ဆုံသလိုမျိုး NUG ၊ CRPH ၊ NUCC တော်လှန်ရေးအင်အားစု အစုအဖွဲ့ခေါင်းဆောင်တွေကိုလည်း သူတို့က အလွတ်သဘောတွေ့ဆုံဖို့လိုတယ်။ အဲဒါမှသည် သူတို့ဟာ တစ်ခုလုံး မြန်မာနိုင်ငံ ဖြစ်နေတဲ့အနေအထားတစ်ခုလုံးကို မြင်မယ်” ဟု၎င်းကဆက်ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု – AJAY မှ ကိုနန်းလင်းကလည်း မြန်မာ့အရေးအဖြေမထွက်သည်မှာ အာဆီယံအဖွဲ့ကြီး၏ ချဥ်းကပ်နေသော မူဝါဒများနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီကို အရာပေး၊ နေရာပေး ချော့မြူပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ကိုင်နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။

“ကျွန်တော်တို့ဒီနေရာမှာ ပြတ်ပြတ်သားသား သတင်းစကားပေးချင်တာကတော့ အာဆီယံအဖွဲ့ကြီးကိုရော၊အာဆီယံအဖွဲ့ထဲမှာ ပါနေတဲ့ နိုင်ငံတွေကိုရော ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားတို့ စသဖြင့် စစ်ကောင်စီကို မျက်စပစ်နေတဲ့ နိုင်ငံတွေကိုပေါ့။ မြန်မာပြည်သူများရဲ့ သဘောထားဆန္ဒကို လေးစားပါ။ မြန်မာပြည်သူများရဲ့ တိုက်ပွဲဝင်ရုန်းကန်နေမှု ဒီကနေ့ ဒီအချိန်အထိ လပေါင်း ၂၀ ကျော်ကြာ ရုန်းကန်တော်လှန်နေမှုတွေကို လေးစားပါ။ ပြီးတော့ မြန်မာပြည်သူတွေအပေါ် တကယ့်ကို ရက်ရက်စက်စက် လူမဆန်တဲ့ ရာဇဝတ်မှုပေါင်းစုံကျူးလွန်နေတဲ့ စစ်ကောင်စီကို ပြတ်ပြတ်သားသား ငြင်းဆန်ပါ။ ပယ်ချပါ။ စစ်ကောင်စီကလုပ်လာမယ့် တရားမဝင်နိုင်ငံရေးလမ်းကြောင်းတွေကိုလည်းပယ်ချပါ။အဲဒီလိုမဟုတ်ဘဲ အလွတ်သဘောဖြစ်ဖြစ်၊ တရားဝင်ဖြစ်ဖြစ် ၊ တိတ်တခိုးဖြစ်ဖြစ်၊ တိတ်တဆိတ်ဖြစ်ဖြစ် မြန်မာစစ်ကောင်စီကိုနေရာပေး၊ အရာပေး ဆက်ဆံနေမယ်ဆိုရင်တော့ အာဆီယံအဖွဲ့ကြီးရဲ့ အနေအထားက ပိုပြီး စိတ်ခေါ်မှုများလာလိမ့်မယ်။ အာဆီယံအပေါ် ယုံကြည်ကိုးစားမှုက တဖြည်းဖြည်းနဲ့ ကျဆင်းလာလိမ့်မယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်”ဟုကိုနန်လင်းကပြောသည်။

ထိုင်းနိုင်ငံက မြန်မာစစ်ကောင်စီကို ဖိတ်ကြားကာ ဆွေးနွေးပွဲလုပ်သည်ကို မြန်မာစစ်အုပ်စုနှင့် ၎င်းတို့၏ ထောက်ခံသူများက နိုင်ငံရေးအမြတ်ထွက်သည်ဟု မှတ်ယူစဥ်းစားပါက ၎င်းတို့၏ တွေးခေါ်စဥ်းစားမှု ကျဥ်းမြောင်း၊ သေးသိမ်ခြင်းဖြစ်ပြီး ပြည်တွင်း၌ ဂုဏ်သိက္ခာမရှိသည့်၊ ရမ်းကားအကြမ်းဖက်နေသည့်စစ်ဂိုဏ်းဂဏအဖွဲ့ဖြစ်သည်ကို ကမ္ဘာ့ပြည်သူလူထုနှင့် မြန်မာပြည်သူလူထုက ရှုထောင့်ပေါင်းစုံမှ သိရှိပြီးဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် ဒေါက်တာထွန်းမြင့်ကမှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။