စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)ရုံးအား လောင်ချာဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force အဖွဲ့က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နံနက် ၃ နာရီခန့်က မုံရွာမြို့နယ် လဝက ရုံးရှိ စစ်ကောင်စီတပ်သားများကို လောင်ချာဖြင့် သုံးချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနေရာတွင် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း Lightning People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“အစောက နှစ်ကောင်က အရှေ့မှာစောင့်နေတာ။ ပစ်သွင်းပြီးတော့ စကစတွေက ကင်းပုန်းကနေထွက် လာတဲ့ချိန် ထပ်ပစ်ခဲ့တာပါ။ နှစ်မိနစ်လောက်ပဲကြာပါတယ်။ သူတို့ဘက်က လက်နက်ငယ်သုံးချက်ပြန်ပစ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ လဝကရုံးသည် ပြည်သူလူထုအား ငွေညှစ်နှိပ်စက်နေ၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း Lightning People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
ထို့အပြင် ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျနေသည့် စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို ဖြိုဖျက်သွားမည်ဖြစ်၍ ပြည်သူများ တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့ပေးရန် Lightning People Defence Forceက မေတ္တာရပ်ခံသည်။
ဖေဖော်ဝါရီရ၁၃ ရက် ညနေပိုင်းကလည်း အဆိုပါ လဝကရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများအနက် စစ်ဆေးရန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Attack Force က ထုတ်ပြန်ထားသည်။


















































