စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများအား အသံမိုင်းခွဲ မျှားခေါ်ပြီး အလစ်ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ည ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အသံမိုင်းခွဲကာ မျှားခေါ်ခဲ့သည်။
ထို့နောက် အသံမိုင်းခွဲလိုက်၍ ထွက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးအား အလစ်ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဦးလုံးသေဆုံးကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force )၊ Spring Dove အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီခန့်ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အား (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နလစ(၆)ရှိ အဆောင်များအပေါ်သို့ ကျရောက်ထိမှန်ခဲ့ကြောင်း Chindwin Attack Force အဖွဲ့က ထုတ်ပြန်ထားသည်။


















































