ရဲအရာရှိသေပြီး ယာဉ်နှင့်လက်နက်ခဲယမ်းများသိမ်းယူခဲ့ဟုဆို
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယာဉ်နှစ်စီးဖြင့်ကင်းလှည့်၍ PDF ရဲဘော်များအား သတင်းထောက်လှမ်းနေသော ရဲသုံးဦးကို KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ရာ ရဲအရာရှိတစ်ဦးသေဆုံးပြီး ယာဉ်နှင့်လက်နက်ခဲယမ်းများ ပူးပေါင်းအဖွဲ့က သိမ်းယူနိုင်ခဲ့သည်။
“ရဲအုပ်စုက ဆိပ်မူလမ်းဆုံမှာ ယောင်လည်လည် လာလုပ်နေလို့ အနီးကပ်တည်ဖြုတ်တာ။ အရာရှ်ိတစ်ကောင်ရတယ်။ ကားပါ အရယူခဲ့တာမို့ အလောင်းကြီးပါ ပါလာတယ်။ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ပေးလိုက်ပါမယ်”ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
တိုက်ခိုက်မှုကို ယမန်နေ့ (မတ်လ ၂၆ရက်) ညနေ ၅နာရီခွဲခန့်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာလမ်းဆုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆိပ်မူရဲကင်းမှ ဒုရဲအုပ်ညီညီထက်အောင်အပါအဝင် ရဲသုံးဦးက ယာဉ်နှစ်စီးဖြင့် ရောက်လာစဉ် KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်။

“မက်တူးကားတစ်စီး၊ G-3 သေနတ်တလက်၊G3 ကျည် ၆၃တောင့်၊ AK ကျည် ၁၄၈ တောင့်၊ ဖုန်းတစ်လုံးရတယ်ဗျာ။ ဖုန်းထဲက အချက်အလက်တွေစိစစ်ပြီး လိုက်ဖြုတ်အုံးမှာ။ ပြောလိုက်မယ် ဖားကန့်ကို လာမစမ်းနဲ့ ပြေးပေါက်ပိတ်သွားမယ်” ဟု ဖားကန့် PDF ထောက်ပို့ရဲဘော်က ပြောသည်။
ဒုရဲအုပ်ညီညီထက်အောင် စီးလာသော ယာဉ်ကို တိုက်ခိုက်နေစဉ် ကျန်ယာဉ်တစ်စီးမှာ မောင်းပြေးသွားကြောင်း၊ ပစ်ခတ်ရှင်းလင်း၍ ရနိုင်သော်လည်း အဆိုပါနေရာတွင် အရပ်သားများ ရှိနေ၍ မပစ်ခတ်ခြင်းဟု ဆိုသည်။
ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။
