– “အင်တာနက်မကောင်းဘူး။ အဲဒါကြောင့်မပြီးမြောက်ဘူး။ အင်တာနက်မကောင်းတော့ လိုင်းကျလိုက်နဲ့။ ရွေးကောက်ပွဲကတော့ ဆက်လုပ်မှာပေါ့”-KNU ဗဟိုသတင်းရင်းမြစ်
ကရင်အမျိုးသားအစည်းအရုံး(KNU)၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်တွင်ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြောက်မည့် ရွေးကောက်ပွဲကို ယနေ့ကျင်းပရာ အခက်အခဲအချို့ကြုံရ၍ရပ်နားခဲ့ရသည်ဟု KNUဗဟို သတင်းရင်းမြစ်က အတည်ပြုသည်။
KNU ကွန်ဂရက်ကို ဧပြီ ၂၄ရက်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၂၉ရက်)တွင် KNU ဗဟိုအမြဲတမ်း ကော်မတီ ၄၅ဦးရွေးချယ်မှုကို အွန်လိုင်မှ မဲပေးသည့်စနစ်ဖြင့် ကျင်းပစဉ် ခရိုင်တပ်မဟာအချို့၌ အင်တာနက်အခက်အခဲ ရှိ၍ ရွေးကောက်ပွဲကို ပြီးစီးအောင် မကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အနှောက်အယှက်မရှိပါဘူး။ အင်တာနက်မကောင်းဘူး။ အဲဒါကြောင့် မပြီးမြောက်ဘူး။ အင်တာနက်မကောင်းတော့ လိုင်းကျလိုက်နဲ့။ ရွေးကောက်ပွဲကတော့ ဆက်လုပ်မှာပေါ့”ဟု KNU ဗဟိုသတင်းရင်းမြစ်က ပြောသည်။ ရွေးကောက်ပွဲ ကျင်းပပြီး ဗဟိုကော်မတီအသစ် တက်လာပါက ကွန်ဂရက် ကျင်းပပြီးစီးမည်ဖြစ်သည်ဟု ဆိုသည်။

ဗဟိုအမြဲတမ်းကော်မတီ ရွေးချယ်ပြီးပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ကာ KNU ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) တို့ကို ရွေးချယ်တာဝန်ပေးမည်ဖြစ်သည်။
ကရင်သတင်းဌာန KIC၏ ဖော်ပြချက်တွင် အရံဗဟိုအမြဲတမ်းကော်မတီ ကိုယ်စားလှယ် ၄၅ ဦး ရွေးချယ်ချိန်တွင် မဲပေးခွင့်ရှိသည့် ကိုယ်စားလှယ်ဦးရေထက် မဲပေးသည့် အရေအတွက် ပိုများပြီး ကွာဟမှုရှိလာ၍ ကွန်ဂရက်ကို ယာယီရပ်နားလိုက်ခြင်းဖြစ်သည်ဟု ရွေးကောက်ပွဲတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦးကို ကိုးကားဖော်ပြသည်။ မဲပေးသည့် ကိုယ်စားလှယ် ၁၃၉ဦးရှိရာ မဲပေးသည့် အကြိမ်အား ပြန်စစ်ရာ၌ အကြိမ် ၂၀၀ကျော်နေ၍ မဲရွေးခြင်းကို ရပ်လိုက်ခြင်းဖြစ်ကြောင်း KIC က ဖော်ပြသည်။

Public Service Announcement
ကွန်ဂရက်သို့ KNU တပ်မဟာနှင့် ခရိုင်ခုနစ်ခုလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။သို့ရာတွင် တပ်မဟာ(၅) ဖာပွန်(မူတြော်)ခရိုင်နှင့် တပ်မဟာ(၂) တောင်ငူခရိုင်မှ ကိုယ်စားလှယ်များက မဲပေးခြင်း၊ ရွေးကောက်ခံခြင်းမပြုကြောင်း၊ သို့ရာတွင် KNU ဖွဲ့စည်းပုံအရာ ၇၅ရာခိုင်နှုန်းပြည့်သည့်အတွက် ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း KICက ဖော်ပြသည်။
