တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ စရဖရုံးနှင့် လဝကရုံးတို့ တိုက်ခိုက်ခံရမှုတွင် လဝကရုံးမှ ဒုဦးစီးမှူးဦးမင်းသိန်းလတ်ဆိုသူ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
မေလ ၂၃ရင် နေ့လယ် ၁၂နာရီခန့်က လောင်းလုံးမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးတို့အား မြို့ပြပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စရဖရုံးကို အပြင်ဖက်မှ တိုက်ခိုက်ခြင်းဖြစ်ပြီး လဝကရုံးကိုမူ ရုံးအတွင်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဟု လောင်းလုံးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“မင်းသိန်းလတ် သေသွားတယ်။ ခေါင်းကို ကျည်မှန်တာ။လဝကရုံးက စားဂွင်ဖြစ်နေတာကြာပြီ။ ဒီလိုကောင်မျိုးသေတာ မြို့အတွက် သတင်းကောင်းပဲ။ ဦးစီးမှူးတစ်ကောင်ကျန်သေးတယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။

ဦးမင်းသိန်းလတ်သည် အသက်(၄၅)နှစ်ခန့်ရှိပြီ ဖြစ်သည်။ ၎င်းအသတ်ခံရမှုနှင့် ပတ်သက်၍ လောင်းလုံးဒေသခံလေးဦးကို စစ်ကောင်စီတပ်က မေလ ၂၃ရက်ညတွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ဒေသခံများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အသေးစိတ်မသိရသေးပေ။
“အခုသေတဲ့သူက မွန်ပြည်နယ်ကနေပြောင်းလာတာ။ လဝကရုံးမှာ မှတ်ပုံတင်လုပ်ရင် ငါးသောင်းကနေ တစ်သိန်းအထိ ပေးနေရတယ်။တစ်နေ့ကို လူတစ်ရာမကဘူး။ မှတ်ပုံတင်လာလုပ်နေတာ။ မြို့ခံတွေက မြေအောက်ရဲဘော်တွေကို တိုင်တယ်ထင်တယ်”ဟု အထက်ပါ ရဲဘော်က ပြောသည်။
ယမန်နေ့ကတိုက်ခိုက်မှုနှင့်ပတ်သက်၍ တော်လှန်ရေးအဖွဲ့များက သတင်းတစုံတရာ ထုတ်ပြန်ခြင်းမရှိပေ။
