BGF ငါးဦးသေ၊ လက်နက် ၆လက်ရဟု အသိပေး
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် (မူတြော်)ခရိုင်အတွင်း လမ်းကင်းယူနေသည့် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကို တိုက်ခိုက်ခဲ့ရာ BGF ဘက်က သေဆုံးမှုရှိပြီး လက်နက်များသိမ်းဆည်းရရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဖာပွန်ခရိုင် ဝါးဒူးနှင့်လယ်ကွဲကြားရှိ ဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF တပ်ဖွဲ့အား မေလ ၂၆ရက် နံနက်ပိုင်းတွင် ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ရာ BGF ဘက်က ငါးဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
လက်နက် ၆လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ရာ M-16 AR (၄)လက်နှင့် ၎င်းကျည် ၃၂၀တောင့်၊ M-79 လောင်ချာတစ်လက်နှင့် ၎င်းကျည်(၁၇) လုံး၊ 9-MM ပစ်စတိုတစ်လက်၊ စစ်ဝတ်တန်ဆာ (၄)စုံ၊ M-16 ARကျည်ဘောက်(၄)ချပ်၊ စကားပြောစက်တစ်လုံး၊ ကျောပိုးအိတ်(၆)လုံးတို့ ဖြစ်သည်ဟု ထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲ၌ KNLA တပ်မဟာ(၅)ဘက်က ထိခိုက်ကျဆုံးမရှိဟု အသိပေးထားသည်။

Public Service Announcement
ဖာပွန်ခရိုင်ရှိ စစ်ကောင်စီနှင့် BGFတပ်များကို KNLA တပ်မဟာ(၅)က ကြားဖြတ်တိုက်ခိုက်မှု၊ ခြုံခိုတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။
