ယင်းမာပင်၊ပုလဲ၊ ကနီ၊ ဆားလင်းကြီးတို့တွင် တပ်ရင်း ၃၇ရင်းရှိပြီး NUG ထံ တင်ထားဆဲတပ်ရင်းများလည်းရှိ
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်း မြို့နယ်လေးခုရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက တပ်ရင်းတပ်ဖွဲ့များကို လက်နက် ၅လက်စီ ပေးအပ်ခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
“အဲဒါဟုတ်တယ်ဗျ။ ဟုတ်တာက အခုတပြိုင်တည်းမဟုတ်ဘူး။ တချို့ရင်းတွေက ရထားပြီးသာကြာပြီ။ အဲဒီတုန်းက ကျန်ခဲ့တဲ့ လက်ကျန်ရင်းတွေကိုချပေးတာ။ တစ်မြို့နယ်ကို အနည်းဆုံး ၄ရင်းလောက်တော့ရလိမ့်မယ်ထင်တယ် အခုတစ်သုတ်မှာ” ဟု ၎င်းကဆိုသည်။
ယင်းမာပင်ခရိုင်တွင် ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲစသည့် မြို့နယ် လေးခုရှိပြီး တပ်ရင်းကျပြီး ကာကွယ်ရေးဝန်ကြီးဌာနက ကုတ်ကျထားသည့် တပ်ရင်း ၃၇ရင်းရှိသည်ဟုဆိုသည်။

“အခု ဒုတိယအသုတ်မှာ ကျနော်အထင်တချို့ရင်းတွေက ရမယ်လို့ ပစ္စည်းပါတယ်လို့ သတင်းရောက်ပြီးပြီ။လက်ထဲကို မရောက်သေးတော့ မပြောရဲသေးတာပေါ့။ တစ်ရင်းကို ငါးလက်ပဲ။ သူတို့ကိုယ်က တပ်ရင်းရဲ့ တပ်စောင့်လက်နက်ဆိုပြီးချတာဆိုတော့ အဲဒါကျတော့ ဝေဖန်လို့တောင်မရဘူး။ ကျနော်တို့သတ်မှတ်ထားတာက တပ်ရင်းတစ်ရင်းကို ရဲဘော် ၂၀၀ ကျော်ကိုး။ တချို့ရင်းတွေဆိုရင် တပ်ရင်းချထားတာ တစ်နှစ်ကျော်ပြီ။ အခုမှ အဲဒီ ၅လက်ရောက်တာ” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ယင်းမာပင်ခရိုင်ရှိ မြို့နယ်လေးခုမှ တပ်ရင်းတိုင်းကို ယခုထက်ပို၍ လက်နက်ခဲယမ်းများ တပ်ဆင်ပေးနိုင်ပါက ဒေသတွင်းစစ်ရေးအခြေအနေ သိသာစွာအပြောင်းအလဲဖြစ်သွားမည်ဟု ၎င်းက ဆိုသည်။

Public Service Announcement
“လူအစေ့ တပ်ဆင်တာထက် တပ်ရင်းအားလုံးရဲ့ တစ်ဝက်လောက်လက်နက်တပ်ဆင်နိုင်တယ်၊ ရင်းတွေကလည်း အမိန့်တစ်ခု အောက်မှာ အလုပ်လုပ်နိုင်တယ်ဆိုရင် ကျနော်တို့ခရိုင်က နမခ ကိုတောင် နှင်ထုတ်လို့ရမယ့်အနေအထားပါ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက မောင်းပြန်သေနတ် ၅လက် တပ်ဆင်ပေးလာကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF) ခေါင်းဆောင် ကိုပုလဲက လူထုနွေဦးသို့ ပြောသည်။
ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား ဇွန်လ ၁ရက်တွင် သေနတ်၅လက်၊ ကျည်ဘောက် ၁၅ခုနှင့် ကျည် ၅၀၀ကို ရင်းစောင့်အဖြစ် တပ်ဆင်ပေးအပ်ခဲ့ခြင်းဟု ဆိုသည်။
“ယင်းမာပင်ခရိုင် တပ်ရင်းတွေအနေနဲ့ အရင်ကတည်းက ရထားပြီးသားတွေရှိတယ်။ကျွန်တော်တို့တပ်ရင်းအနေနဲ့ ပထမဆုံးရတာ။NUGကို ကျေးဇူးတင်တယ်။ရဲဘော်တွေလည်း အတိုင်းမသိ စိတ်အား တက်စေခဲ့တယ်”ဟု ကိုပုလဲက ပြောသည်။
လက်ရှိတွင် ယင်းမာပင်မြို့နယ်၌ ကာကွယ်ရေးဝန်ကြီးဌာနထံ တပ်ရင်းတင်ထားဆဲ တပ်ရင်းများလည်းရှိနေသေးသည်ဟု ဆိုသည်။
