Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)အဖြစ် ပြောင်းလဲဖွဲ့စည်း

BLDFသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေးကို အောင်မြင်သည်အထိ ဆုံးခန်းတိုင်အောင် ဆင်နွှဲသွားမည်ဖြစ်ကြောင်း BLDFက အသိပေးသည်။

(BLDF အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BLDF)
(BLDF အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BLDF)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Monywa People Defence Force – MPDF)ဖျက်သိမ်းပြီး ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(Burma Liberation Democratic Front – BLDF)ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း ဇွန်လ ၂၇ရက်တွင် ထုတ်ပြန်သည်။

တော်လှန်ရေးကာလလိုအပ်ချက်နှင့် တပ်ဖွဲ့များ ကျစ်လျစ်ခိုင်မာစွာ စုစည်းတိုက်ပွဲဝင်နိုင်ရေး၊ ဗမာတစ်မျိုးသားလုံး လွတ်မြောက်ရေးနှင့်အတူ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ထူထောင်နိုင်ရေးတို့အတွက် မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ဖျက်သိမ်းပြီး ညီနောင်မဟာမိတ် တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(Burma Liberation Democratic Front – BLDF)ကို တရားဝင် ဖွဲ့စည်းထူထောင်လိုက်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

BLDFသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေးကို အောင်မြင်သည်အထိ ဆုံးခန်းတိုင်အောင် ဆင်နွှဲသွားမည်ဖြစ်ကြောင်း BLDFက အသိပေးသည်။

“ BLDFက အမျိုးသားညီညွတ်ရေးအစိုးရရဲ့အကောင်အထည်ဖော်နေတဲ့ အုပ်ချုပ်ရေးယန္တရား (ပ.အ.ဖ)၊ MOD ရဲ့ COC အောက်မှာရှိတဲ့ ပကဖ၊ တပ်ရင်းများ၊ အမှတ်(၁)စစ်ဒေသအောက်မှာ ရှိတဲ့ တပ်ရင်းများရဲ့ COC တည်ဆောက်မှုတွေကိုလည်း ထိခိုက်အောင် မည်သည့်အရာတခုမှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ အဲ့တာအပြင် အရပ်ဖက် တရားစီရင်မှု စနစ်ကိုလည်း အပြည့်အဝ ပူးပေါင်းလိုက်နာသွားမှာ ဖြစ်ပါတယ်။ တပ်တွင်း အမိန့်နာခံမှုနဲ့ စစ်သည်တော်ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို လိုက်နာပြီးတော်လှန်ရေး (စစ်ရေး)ကိုပဲ အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်တာမို့ လုပ်ရပ်နဲ့ တိုက်ပွဲတွေကို စောင့်ကြည့်ပါ လို့ပြောချင်ပါတယ်။” ဟု BLDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

BLDFဖွဲ့စည်းမှုနှင့်ပတ်သက်ပြီး ဝေဖန်သံများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ “ မြေပြင်မှာ အတူပူးပေါင်း၊ အတူတိုက်နေပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ မြေပြင်အနေအထားနဲ့ တော်လှန်ရေးအနေအထားကြောင့် စုဖွဲ့တည်ဆောက်မှုကို သက်ဆိုင်ရာ Stakeholders အချို့နဲ့ သေချာတိုင်ပင်ပြီး သဘောတူညီချက်နဲ့ တိုးချဲ့တာ ဖြစ်ပါတယ်။ သေချာတာတခုကတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမိန့်ပေးကွပ်ကဲမှုစနစ်(COC) ထဲမှာတော့ ကျနော်တို့ BLDF က ပါဝင်နေမယ့် တပ်ဖြစ်တယ်၊ ဒါကိုတော့ ခိုင်ခိုင်မာမာ အာမခံပါတယ်။” ဟု BLDF၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တော်လှန်ရေးကာလ လွန်မြောက်ပြီးလျှင်အရပ်သားအစိုးရအောက်၌ တပ်အားလုံး ထားရှိရေး မူကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း၌လည်းအခွန်အကောက်ကိစ္စများ၌ ပါဝင်ပတ်သက်မည်မဟုတ်ကြောင်း BLDF အဖွဲ့က ပြောသည်။

MPDFကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ စစ်အာဏာသိမ်းမှုကို မလိုလားသည့် မြို့မိ၊ မြို့ဖများ၊ CDM အစုအဖွဲ့များနှင့် အခြားသော နိုင်ငံရေး အင်အားစုများ၏ သဘောတူညီ ထောက်ခံမှုဖြင့် နိုင်ငံရေးအရ ထိန်းကွပ်မှုရှိသောအဖွဲ့အစည်းတစ်ခုအဖြစ်၂၀၂၁ ဇွန်လ ၆ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

MPDFကို ဖွဲ့စည်းထူထောင်ရာတွင် မြောက်ပိုင်း၌ အခြေခံစစ်ပညာ သင်ယူခဲ့သော ရဲဘော် ၂၀၀ကျော် အင်အားကိုအဓိကအခြေခံပြီး ဗကသများအဖွဲ့ချုပ် (မုံရွာခရိုင်)၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တ.က.သ) များကွန်ရက်-မုံရွာ နှင့် မုံရွာခရိုင်အတွင်းရှိ ဗကသ၊ တကသ ကျောင်းသားဟောင်းများ၊ စစ်ဦးစီးအဖွဲ့ဝင် (၇) ဦး၏ ဦးဆောင်မှုများဖြင့် စုဖွဲ့ခဲ့ကြောင်း BLDF က ဆိုသည်။

MPDFသည် တော်လှန်ကာလ (၂) နှစ်ကျော်အတွင်း မုံရွာနှင့် ယင်းမာပင်ခရိုင်အတွင်းတွင် တိုက်ပွဲပေါင်း ၈၀ကျော်မှ ရန်သူ့အင်အား ၅၀ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး MPDF မှ စစ်ဦးစီးအဖွဲဝင် တစ်ဦး၊ တပ်ခွဲမှုး တစ်ဦး အပါအဝင် ရဲဘော် ၁၀ဦး ကျ​ဆုံးခဲ့သည်ဟု BLDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက် မနက်ခင်းက မုံရွာမြို့ပေါ် အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းအနီးမှာ စစ်ကောင်စီအုပ်စုဟာ ထုံးစံအတိုင်း ဆိုင်ကယ်စီးလာတဲ့ ပြည်သူတွေကို တားဆီးစစ်ဆေးနေခဲ့တယ်။ အဲဒီအချိန်မှာပဲ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် ၂ ဦးဟာ စစ်အုပ်စုရဲ့ စစ်ဆေးရေးအဖွဲ့နဲ့ တည့်တည့်တိုးခဲ့တယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့နေ့လယ်ပိုင်းက မိန်းကလေးပါတဲ့ ဓားပြအဖွဲ့က နေအိမ်တအိမ်ကို ဓါးပြတိုက်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ စစ်ကောင်စီရဲ့ ထွေအုပ်ရုံးက လက်နက်ကြီးနဲ့ မြို့အစွန်ရပ်ကွက်တွေကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ BLDFအညာမိုင်းတပ်ခွဲက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။