ဖေဖော်ဝါရီ-၂၃၊ ၂၀၂၆ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၆နာရီခန့်က မုံရွာမြို့၊ မြို့ရှောင်လမ်းအရှေ့ဘက်၊ စစ်ကောင်စီတပ်စွဲရာ ကံသာဘုန်းကြီးကျောင်းနဲ့ ကိုက် ၄၅၀ ခန့် အကွာ၊ အောင်သစ္စာဆီဆိုင်အနီးမှာ အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
သေဆုံးသူဟာ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာက အသက် ၁၉ နှစ်အရွယ် မဆုရီ(ခ)ပေါက်ကြီးဖြစ်ပြီး မုံရွာမြို့ ဇောတိကဘုန်းကြီးကျောင်းမှာကျင်းပတဲ့ ဘုန်းကြီးမွေးနေ့ပွဲ သွားရောက်ချိန် ပျောက်ဆုံးသွားပြီးနောက် လမ်းဘေးမှာ သေဆုံးခဲ့တာဖြစ်ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Public Service Announcement
အမျိုးသမီးဟာ နားကပ်တစ်ရံကိုဝတ်ဆင်ထားခဲ့ပေမဲ့ ပြန်တွေ့ချိန်မှာတော့ နားအဖြတ်ခံထားရပြီး နားကပ်လည်း မပါတော့ဘူးလို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
“အဲဒီနေရာက အသွားအလာကို မရှိတာ။ ကံသာဘုန်းကြီးကျောင်းမှာ စကစက တပ်စွဲတော့ မသွားကြတော့ဘူး။ဟိုရက်က အလောင်းမတွေ့လို့ ပြန်သွားတော့ ၂ ရက်ကြာတာ။ နောက်စေ့ကိုရိုက်ထားတာလား မသိဘူး လောက်တွေတောင် ကျနေပြီပြောတယ်။”လို့ အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲဒီအမျိုးသမီးဟာ စစ်ကောင်စီတပ်စွဲရာအနီး လဲကျနေတာမို့ ဘယ်သူမှသွားမသယ်ရဲဘဲ နောက်တနေ့ညနေပိုင်းမှသာ သယ်ဆောင်သွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
မုံရွာမြို့ပေါ်မှာ မကြာခဏ ဓါးပြတိုက် လုယက်မှုတွေအဖြစ်များနေပြီး စစ်ကောင်စီတပ်ကလည်း ဖမ်းဆီးအရေးယူခြင်း မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။


















































