▪︎NUG အစိုးရအဖွဲ့အတွင်း ပထမဆုံးအစ္စလာမ်ဘာသာဝင်ဝန်ကြီးဖြစ်လာ
▪︎ခေတ်အဆက်ဆက် ခွဲခြားပစ်ပယ်ထားမှုတွေ နိဂုံးချုပ်ပြီး လူနည်းစုဘာသာဝင်များ၊ လူနည်းစုမျိုးနွယ်အုပ်စုများလည်း နိုင်ငံရေးတွင် တန်းတူပါဝင်ခွင့်ကြောင်း သက်သေပြလိုက်ခြင်းဖြစ်ဟု ဒုဝန်ကြီးဖြစ်လာသူပြော
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH သည် ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဦးအောင်ကျော်မိုးကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာ၀န်ပေးကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။
လက်ရှိတွင်လည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဦးအောင်ကျော်မိုးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အစိုးရအဖွဲ့အတွင်း ပထမဆုံး အစ္စလာမ်ဘာသာဝင် ဝန်ကြီးတစ်ဦးဖြစ်လာခြင်းဖြစ်သည်။
“ခေတ်အဆက်ဆက်ကို ပြန်ကြည့်ရင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကနေ စပြီးတော့ ရိုဟင်ဂျာ၊ မြန်မာမွတ်စလင်၊ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်တွေ ပြီးတော့ ဟိန္ဒူ ဆစ် ဂေါ်ရခါအစရှိတဲ့ လူနည်းစု ဘာသာဝင်တွေကို လူမျိုးခြားဆိုပြီး ခွဲခြားဆက်ဆံ ပိတ်ပင်ထားခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး ခွဲခြားပစ်ပယ်ထားမှုတွေ နိဂုံးချုပ်ပြီး လူနည်းစုဘာသာဝင်တွေ လူနည်းစု မျိုးနွယ်အုပ်စုတွေကလည်း နိုင်ငံရေးမှာ တန်းတူပါဝင်ခွင့် ရှိတယ်ဆိုတာကို ဒီနေ့ ကျွန်တော့်ကို ခန့်အပ်တာဝန်ပေးခြင်းဖြင့် သက်သေပြလိုက်တာပဲလို့ မှတ်ယူနိုင်ပါတယ်” ဟု ဒုတိယဝန်ကြီးဖြစ်လာသူ ဦးအောင်ကျော်မိုးက People’s Spring သတင်းဌာနသို့ ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကျွန်တော့်အနေနဲ့ တိုင်းပြည်နဲ့ ပြည်သူတစ်ရပ်လုံးအတွက် ရှိသမျှ အားအင်အကုန် ထုတ်ပြီးမှ ရပ်တည်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဒီနေရာကနေ သတင်းစကားပါးချင်ပါတယ်။ ရှေ့လာမယ့် အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်မှာ လူနည်းစုဘာသာဝင်တွေ လူနည်းစု မျိုးနွယ်အုပ်စုတွေရဲ့ အခန်းကဏ္ဍပိုမို ကျယ်ပြန့်လာဖို့ တန်းတူညီမျှ ခွင့်တူညီမျှ သာတူညီမျှမှု စတာတွေအတွက်လည်း ကျွန်တော့်အနေနဲ့ ပြည်သူ့အသံကို နားစွင့်ပြီး ပြည်သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု သတင်းစကားပါးသည်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတွင် ကယန်းတိုင်းရင်းသား ခွန်ဗဟန်းထန်က ဒုတိယဝန်ကြီးအဖြစ် တာ၀န်ထမ်းဆောင်နေပြီး ယခုအခါ ဦးအောင်ကျော်မိုး ထပ်တိုးလာ၍ အဆိုပါဝန်ကြီးဌာနတွင် လူလတ်ပိုင်းလူငယ်ဒုတိယဝန်ကြီးနှစ်ဦးရှိလာသည်။
ဦးအောင်ကျော်မိုးကို NUG အစိုးရအဖွဲ့တွင် လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးလိုက်သည့်အပေါ် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ အစ္စလာမ်ဘာသာဝင်လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ကြိုဆိုလိုက်ပြီး ယင်းသည် တော်လှန်ရေးကာလအတွင်း လူနည်းစုရိုဟင်ဂျာများ နိုင်ငံရေးတွင် ပါဝင်မှုကို အသိအမှတ်ပြုရာရောက်ကြောင်း မှတ်ချက်ပြုသည်။
“ကိုအောင်ကျော်မိုး ကို ကြားကာလရဲ့ အစိုးရအဖွဲ့ NUG မှာ လူ့အခွင့်အရေးဝန်ကြီးအဖြစ် တာဝန်တိုးမြင့်ပေးလိုက်တဲ့အပေါ် ကျနော်တို့ အနေနဲ့ကတော့ ကြိုဆိုပါတယ်။ ဒါဟာ တော်လှန်ရေးကာလ မှာ လူနည်းစု ရိုဟင်ဂျာများရဲ့ နိုင်ငံရေးမှာ တော်လှန်ရေးခရီးမှာ ပါဝင်နေမှုများကို အသိအမှတ်ပြုရာရောက်သလို အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံမယ့် နိုင်ငံတော်သစ် အတွက် ခေတ်အဆက်ဆက်မှာ ခွဲခြားဆက်ဆံခံရသူများ နှိမ်ချဆော်ကားခံခဲ့ရတဲ့ လူနည်းစုဘာသာဝင်များ တိုင်းရင်းသားများကို သီးသန့် ပြန်လည်နေရာပေးခြင်းကိုလည်း ထင်ဟပ်နိုင်မယ် လို့ယုံကြည်မျှော်လင့်ပါတယ်” ဟု လက်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်လည်းဖြစ်သူ ဒီချုပ်လူငယ်အမတ် ဦးစည်သူမောင်က ပြောသည်။


















































